ပြင်သစ်စျေးတစ်ခုမှာ လူ ၂,၀၀၀ ခန့်ကို တစ်ပြိုင်နက်တည်း နေ့လည်စာ တည်ခင်းပြီး ကမ္ဘာ့စံချိန်ချိုး

ပြင်သစ်စျေးတစ်ခုမှာ လူ ၂,၀၀၀ ခန့်ကို တစ်ပြိုင်နက်တည်း နေ့လည်စာ တည်ခင်းပြီး ကမ္ဘာ့စံချိန်ချိုး

ပါရီ၊ မတ် ၁၈ ။       ။ ပြင်သစ်နိုင်ငံက စျေးတစ်ခုမှာတော့ မီတာ ၄၀၀  ရှည်လျားသော ခုံတန်းရှည်ကြီးကို ခင်းကျင်းပြီး လူပေါင်း ၂,၀၀၀ နီးပါးကို တစ်ပြိုင်နက်တည်း နေ့လည်စာ တည်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

ပါရီမြို့အနီးမှာ ရှိတဲ့ Rungis စျေးတည်ထောင်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် မတ်လ ၁၇ ရက်က အဆိုပါ စျေးမှာပဲ ယခုလိုမျိုး လူအမြောက်အမြားကို နေ့လည်စာ တည်ခင်းပေးပြီး ဧရာမ စားသောက်ပွဲကြီးကို ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

စျေးရဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တန်း အကြားမှာ အရှည် ၄၀၁ မီတာ ကျော် ရှိတဲ့ စားပွဲခုံတန်း ရှည်ကြီးကို ခင်းကျင်းကာ လူ ၂,၀၀၀ နီးပါးကို နေ့လည်စာ တည်းခင်းပေးခဲ့တာဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒါ့အပြင် အဆိုပါ စားသောက်ပွဲကြီးကတော့ ဂင်းနစ်စံချိန်မှတ်တမ်းကိုပါ တင်လိုက်နိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက ၃၂၂ မီတာရှည်တဲ့ ခုံတန်းရှည်မှာ ပြုလုပ်တဲ့ စားပွဲကို ကျော်လွန်ပြီး ယခု စားပွဲက စံချိန်သစ် တင်လိုက်နိုင်ကြောင်း ဂင်းနစ် စံချိန် မှတ်တမ်း တာဝန်ရှိသူတွေက အတည်ပြုသွားပါတယ်။

Rungis စျေးကြီးကတော့ လတ်ဆတ်တဲ့ သီးနှံ၊ လယ်ယာထွက်ကုန်တွေကို ရောင်းချတဲ့ ကမ္ဘာ့အကြီးဆုံးစျေးကြီးတစ်ခု ဖြစ်ပါတယ်။ ယင်းစျေးကြီးကတော့ အကျယ်အဝန်း၂၃၄ ဟက်တာ ရှိပြီး လက်ကားရောင်းသူ၊ ထုတ်လုပ်သူ၊ အထမ်းသမား၊ စားသောက်ဆိုင်ပိုင်ရှင်နဲ့ အခြား အလုပ်သမား စုစုပေါင်း ဦးရေ ၁၂,၀၀၀ လောက် လုပ်ကိုင်နေကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly