ရွှေဘိုတွင် ခြေဥပြင်ဆင်ရေးနှင့် ပြင်ဆင်ရေးကော်မတီထောက်ခံပွဲ ပထမဆုံး ပြုလုပ်

ရွှေဘိုတွင် ခြေဥပြင်ဆင်ရေးနှင့် ပြင်ဆင်ရေးကော်မတီထောက်ခံပွဲ ပထမဆုံး ပြုလုပ်

ရွှေဘို၊ မတ် ၁၇ ။                ။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပါ တက်ရောက်ခဲ့သည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ခြေဥပြင်ဆင်ရေး ကော်မတီကို ထောက်ခံသည့် လူထုဆန္ဒထုတ်ဖော်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရန်ကြီးအောင် ပန်းခြံရှိ ဗိုလ်ချုပ်ရင်ပြင်မှာ မတ် ၁၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

" ဒီလိုပွဲမျိုးဆိုတာက ပြည်သူတွေလုပ်တဲ့ပွဲပဲလေ။ နိုင်ငံတော်က ပါဝင်တာတော့မရှိဘူး။ ကိုယ်တို့တင်ထားတဲ့ ကိုယ်တို့ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်ပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးကို သူတို့ ဆောင်ရွက်မယ်။ အခုပြည်သူကလည်း ဒီလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကော်မတီကို ဝိုင်းရံထောက်ခံတာပဲ " ဟု ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီထောက်ခံပွဲ တာဝန်ခံ ကိုအောင်ခိုင်ကျော်က ပြောသည်။

မတ်လ ၁၇ ရက် နံနက် ၆ နာရီခန့်မှစတင်ကာ လူစုခဲ့ကြပြီး နေ့လယ်ပိုင်းအထိ လူအင်အား ၁၀၀၀ ခန့်က မေ်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ မြင်းများဖြင့်ပါ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

"၂၀၀၈ ဖွဲ့စည်းပုံအမြန်ပြင်ဆင်ပေး "၊ "ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကို ထောက်ခံပါသည် " အစရှိသည့်  ဆိုင်းဘုတ်များ ကိုင်ဆောင်ဟစ်ကြွေးခဲ့ကြသည်ကို တွေ့မြင်ရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူ့ဆန္ဒမပါဝင်ဘဲ ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ပြင်ဆင်ရန် ဆောင်ရွက်နေခြင်းကို ပူးပေါင်းဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ထောက်ခံပွဲ ပြုလုပ်သူများဘက်မှ ဆိုသည်။

" ဖွဲ့စည်းပုံရေးဆွဲတုန်းက မသိကြဘူးလေ။ နယ်တွေမှာလည်း မသိတဲ့သူကများတယ်။ TV တို့၊ ဘာတို့ ကြည့်မှ နိုင်ငံရေးကိုလည်း လေ့လာလိုက်စားမှ သိတာဆိုတော့ မသိတဲ့သူကကျတော့ မသိလို့ မပြင်ဆင်စေချင်တာ။ တချို့ကကြတော့လည်း ကိုယ်မလိုချင်တဲ့ ပုံစံဖြစ်နေလို့ မပြင်စေချင်တာနေမှာပေါ့။ ကျွန်မက အများကြီး မသိပေမယ့် နည်းနည်းပါးပါးသိပါတယ်။ မကောင်းတော့မကောင်းဘူး။ အဲဒါကြောင့်မို့လို့ ပြင်စေချင်တယ် " ဟု ထောက်ခံပွဲတွင် ပါဝင်သည့် ရွှေဘိုဒေသခံ မစိုးဝါဦးက ပြောသည်။

အဆိုပါ လူထုဆန္ဒထုတ်ဖော်ပွဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် အစိုးရအဖွဲ့ဝင်အချို့ လည်း လာရောက်ခဲ့ပြီး အဆိုတော် အိုင်းရင်းဇင်မာမြင့်နှင့် နိုင်ငံကျော်အနုပညာရှင်အချို့ကလည်း သီဆိုဖျော်ဖြေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly