မြိတ်ဒေသ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဒုတိယနေရာအဖြစ် ဆလုံရွာကို ရွေးချယ်ထား

မြိတ်ဒေသ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဒုတိယနေရာအဖြစ် ဆလုံရွာကို ရွေးချယ်ထား

မြိတ်၊ မတ် ၁၇ ။       ။ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းခရီးစဉ်များအနက် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ညအိပ်ခွင့်ပါ ရရှိစေမည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း( CBT) ဒုတိယနေရာအဖြစ် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီး ကျေးရွာအုပ်စု၊ ဒုံးညောင်မှိုင်ကျေးရွာကို ရွေးချယ်ကာ မတ်လအတွင်း စတင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ CBT ခရီးသွားလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာတွင် ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ်ရှိ စမ်းလှမ်းကျေးရွာ၌ ပထမဆုံး စတင်အကောင်အထည်ဖော် ပြုလုပ်နိုင်ခဲ့ပြီး၊ လက်ရှိမှာ အောင်မြင်နေသည့် ခရီးသွားလုပ်ငန်းအဖြစ် ရှိနေကြောင်း သိရသည်။

 “CBT ခရီးသွားလုပ်ငန်းကို ကျွန်တော်တို့ရွာမှာ လာလုပ်မယ်ဆိုတော့ ဒေသခံတွေအနေနဲ့ လက်ခံ ကြိုဆိုရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒေသအတွက် အကျိုးဖြစ်မယ့်အလုပ်ဆိုတော့ အားပေးရမှာ ဖြစ်တယ်၊ ဖြစ်နိုင်ရင်တော့ ခရီးသွားတွေ အလာများနိုင်တာကြောင့် ဒီလုပ်ငန်းနဲ့ ဆက်နွယ်ပြီး၊ လုံခြုံရေးတွေ ကောင်းကောင်း ချထားပေးနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ ချထားပေးစေချင်ပါတယ်”ဟု ဒုံးညောင်မှိုင်းရွာ၊ ရာအိမ်မှူး ဦးဆန်းဦးက ပြောသည်။

 မြိတ်ကျွန်းစု ခရီးစဉ်များအနက် ဒုံးညောင်းမှိုင်းကျေးရွာသည်၊ ခရီးသည်များကို သွားရောက် ပို့ဆောင်နေရ သည့် နေရာတစ်ခု ဖြစ်သလို နေ့လယ်စာအဖြင့် တည်ခင်းဧည့်ခံသည့် နေရာတစ်ခုလည်း ဖြစ်ကာ ဆလုံလူမျိုးများနေထိုင်သော ရွာတစ်ရွာလည်း ဖြစ်သည်။

 “တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဒုံးညောင်းမှိုင်းရွာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်၊ ခရီးသွားလုပ်ငန်းအတွက် အဆောက်အအုံ ဆောက်ဖို့ကို မြေနေရာလည်း ကျွန်တော်တို့ ကြည့်ထား ပြီးပါပြီ၊ ဒီလဲထဲမှာ ဆောက်နိုင်အောင်လို့ ပြင်ဆင်နေပါတယ်၊ ဒီရာသီ မှီအောင်တော့ လုပ်ဆောင်သွားဖို့ ရှိတယ်”ဟု တနင်္သာရီတိုင်း ဟိုတယ်နှင့်ခရီးသွား ညွန်ကြားရေးမှူးရုံး တာဝန်ခံ ညွန်ကြားရေးမှူး ဦးညိုအေးက ပြောသည်။

ဒုံးညောင်မှိုင်းကျေးရွာ၏ CBT ခရီးသွားလုပ်ငန်း အောင်မြင်ပါက ပြည်တွင်း/ ပြည်ပမှ လာရောက်လည်ပတ် မည့် ခရီးသွားများသည်၊ ညအိပ်ခရီးစဉ်များ သွားနိုင်မည့်အပြင် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းမှာ အရှိန်အဟုန် ဖြင့် တိုးတက်လာနိုင်ကြောင်း မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်သည်။

“ ဒီလုပ်ငန်းက ကိုယ့်ရွာအတွက် အကျိုးပြုရင်တော့ ဒါက လက်ခံ ကြိုဆိုရမှာပေါ့၊ ဒီရွာမှာက ဟိုအရင် အဆက်ဆက်ကတည်းက အခြေခံလူတန်းစားတွေဖြစ်တဲ့ တံငါလုပ်ငန်းလုပ်ကိုင်တဲ့ ရေလုပ်သားတွေပဲ နေထိုင်တဲ့သူတွေ များတော့ CBT လုပ်ငန်းကို သိပ်နားမလည်ပါဘူး၊ ကျွန်မအနေနဲ့ ပြောချင်တာက ဒီလုပ်ငန်းတွေ အောင်မြင်လာတဲ့ တစ်နေ့ ဒေသခံ ငါးဖမ်းလှေတွေကို အရင်လို အဝင်/ အထွက်တွေကို မတင်းကြပ်ဖို့နဲ့ ပုံမှန်အတိုင်း ခွင့်ပြုပေးစေချင်ပါတယ်၊ ဒါမှ မဟုတ် ကန့်သတ်ချုပ်ချယ်လာတာမျိုး ရှိလာရင်တော့ အခက်အခဲတွေ ဖြစ်မှာကို စိုးရိမ်တယ်” ဟု ဒုံးညောင်မှိုင်ရွာခံ ဒေါ်ခင်ဝင်းရီက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း CBT (Community Based Tourism) ကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဒုံးညောင်းမှိုင်းကျေးရွာနှင့် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ မကြုံဂလတ်ကျေးရွာတို့ကို ရွေးချယ်ထားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly