အင်ဒိုနီးရှားမှာ ရေလွှမ်းမိုးမှု ဖြစ်လို့ လူ ၄၂ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားမှာ ရေလွှမ်းမိုးမှု ဖြစ်လို့ လူ ၄၂ ဦးထက်မနည်း သေဆုံး

ဂျာကာတာ၊ မတ် ၁၇ ။         ။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူဝါပြည်နယ်မှာ ရုတ်တရက် ရေလွှမ်းမိုးမှု ဖြစ်လို့ လူ ၄၂ ဦးထက်မနည်း သေဆုံးသွားကြောင်း အာဏာပိုင်တွေက မတ်လ ၁၇ ရက်မှာ ပြောပါတယ်။

မတ်လ ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ပြည်နယ်မြို့တော် ဂျာယာပူရာ အနီး ဆန်တာနီဒေသမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်း ဖြစ်စဉ်မှာ ဒဏ်ရာရသူ ၂၁ ဦးထက်မနည်း ရှိခဲ့ပါတယ်။

ရေကြီးမှု ကြောင့် နေအိမ်ပေါင်း ဒါဇင်ချီ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း အင်ဒို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ပြောရေးဆိုခွင့် ရှိသူ ဆူတိုပို ပူအာဝို နူဂရိုဟိုက ပြောပါတယ်။

ယခုလက်ရှိအချိန်မှာတော့ ရေကြီးမှု ဖြစ်တဲ့ ဧရိယာတွေဆီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ သွားရောက် ကူညီနိုင်ဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ကာ သေဆုံးသူ ဦးရေ ဒီထက် ပိုများလာနိုင်သေးတယ်လို့လည်း သိရပါတယ်။

အင်ဒိုနီးရှားမှာကတော့ ရေကြီးရေလျှံမှုတွေကို ကြုံတွေ့နေကျ ဖြစ်ပြီး အထူးသဖြင့် အောက်တိုဘာကနေ ဧပြီလအကြား မိုးတွင်းကာလမှာ ပိုဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ဆူလာဝေစီ ကျွန်းမှာ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့ရပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly