တနင်္သာရီဝန်ကြီးချုပ်ကို ပါတီစည်းကမ်းဖြင့် အရေးယူ၊ မယူ တရားရုံးအမိန့်ချပြီးမှ ဆောင်ရွက်မည်

တနင်္သာရီဝန်ကြီးချုပ်ကို ပါတီစည်းကမ်းဖြင့် အရေးယူ၊ မယူ တရားရုံးအမိန့်ချပြီးမှ ဆောင်ရွက်မည်
National League for Democracy party Central Executive Committee meeting in Yangon, 23 Feb. Photo- EPA

နေပြည်တော်။ မတ်လ ၁၆ ။           ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့်ပတ်သက်ပြီး တရားရုံး၏ ဆုံးဖြတ်ချက်အမိန့်ချမှတ်ပြီးပါက NLD ပါတီစည်းကမ်းပိုင်းဖြင့် ဆက်လက် အရေးယူ၊ မယူကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပါတီဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

“အခု ကျွန်တော်တို့က ဒါကြီးက အဂတိက စွဲထားတာပဲ ရှိသေးတယ်။ သူတို့ ခုထက်ထိလည်း စစ်နေတယ်လို့ ကြားရတယ်လေ။ တရားရုံး ရောက်မယ်။ ခုခံပိုင်ခွင့်တွေ ရှိမယ်။ ဘာတွေ နောက်ဆုံး ဆုံးဖြတ်ချက်မှာ ၊ ဒါရှိတယ်ဆိုရင် ပါတီ စည်းကမ်း ထိန်းသိမ်းရေးပါ ပါသွားပြီ။ ကျွန်တော်တို့ပါတီမှာကိုက ခုနကပြောတဲ့ အဂတိ တရားနဲ့ မကင်းဘူးဆိုရင် ကျွန်တော်တို့ပါတီက အရေးယူရမယ်ဆိုတာ ဖြစ်ပြီးသားပါ။ အဲကြတော့လည်း လာမှာပါနော့”ဟု ၄င်းက ပြောကြားသည်။

ယနေ့ မတ်လ ၁၆ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်သည့် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ CEC အစည်းအဝေးအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

NLD ပါတီတွင်းတွင် စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်လျှင် CEC လူကြီးများအနေဖြင့် သေချာစွာ စစ်ဆေးကြောင်းနှင့် အဂတိနှင့် လာဘ်ပေး၊ လာဘ်ယူကိစ္စများနှင့် ပတ်သက်သည့် တိုင်ကြားမှုများကို သက်ဆိုင်သည့်ဌာနများသို့ လွှဲပြောင်းကာ အရေးယူခိုင်းသည် ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက် ပြောကြားသည်။

“ပါတီစည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်ရင်တော့ သေချာစစ်တယ်။ အရေးယူတာတွေ ရှိတယ်။ ဆောင်ရွက် တာတွေ ရှိတယ်။ အဲဒီတော့ ဝန်ကြီးချုပ်တွေ ၊ ဝန်ကြီးတွေဆိုတာကတော့ ဘာပဲပြောပြော ပါတီရဲ့ မူအောက်မှာ ရှိတယ်” ဟု ၄င်းက ပြောကြားသည်။

ဒေါက်တာ လဲ့လဲ့မော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် အရံ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါအဝင် Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် မတ်လ ၁၀ ရက်နေ့က အမှုဖွင့်လှစ်အရေးယူခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ လဲ့လဲ့မော်အား ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့ ၊ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်တွင် ကော့သောင်းမြို့နယ် တွင် ရမန်ယူကာ  ထားဝယ်သို့ ပို့ဆောင်ထားသည်။

လက်ရှိတွင် ဒေါက်တာ လဲ့လဲ့မော်အား ပုဒ်မ ၅၅ အရလည်းကောင်း ၊ Global Grand Services (GGS)၊ ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ တို့ဖြင့်လည်းကောင်း၊ သီးခြားပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲကာ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ အရေးယူ စစ်ဆေးလျက်ရှိပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မတ်လ ၁၀ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်ကြေညာမှုတွင် ဒေါက်တာလဲ့လဲ့မော်က ၂၀၁၆ ခုနှစ် ဧပြီလ၊ နိုဝင်ဘာလအတွင်း မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းနှင့် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ်ရှင်းခြင်း၊ ထို့ပြင် ထားဝယ် လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းတစ်ခုတည်းကို အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခြင်းမရှိဘဲ ခွင့်ပြုငွေ ကျပ်သိန်း ၄၀၀၀ ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ F-22 Sunny Construction Co.,Ltd ကို တိုက်ရိုက်ခွင့်ပြုဆောင်ရွက်ထားကြောင်း ပါရှိသည်။

ထို့ပြင် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း မရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာမှ ညွှန်ကြားရေးမှူးကို သူမ၏ ခင်ပွန်းအမည်ဖြင့် ဝယ်ယူထားသော မြေနှစ်ကွက်ကို သိန်း ၁၄၀ ကျော်ကုန်ကျသည့် အုတ်ခြံစည်းရိုး ကာရန်ပေးရန်စေခိုင်းခဲ့ပြီး စုံစမ်းစစ်ဆေးသည့် အချိန်မှ ထိုငွေကို ပြန်လည်ပေးချေသဖြင့် ထိုက်သင့်သည့်တန်ဖိုး ပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့သည်ဟု ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိပါသည်။

အလားတူ ဒေါက်တာလဲ့လဲ့မော်ပိုင်ဆိုင်သည့် ကာလ တန်ဖိုး ကျပ်သိန်း(၃၂၀)ကျော်ခန့်သာရှိသည့် နှစ်ထပ်နေအိမ်နှင့် ၀ိုင်းမြေကို GGS ကုမ္ပဏီသို့ ကျပ်သိန်း(၂၀၀၀)ဖြင့်ရောင်းချခဲ့ပြီး အပြန်အလှန်အားဖြင့် ၄င်း ကုမ္ပဏီအား သရက်ချောင်း ငါးလေလံစျေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာ(၄)လုံး တည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ် ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်ဟုပါရှိပါသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ၁၂ရက်နေ့တွင် ချုပ်ဆိုခဲ့ကာ လုပ်ကိုင်ခွင့်ပြုသူနေရာတွင် တိုင်းအစိုးရအဖွဲ့ ကိုယ်စား အတွင်းရေးမှူးနှင့်၊ လုပ်ကိုင်ခွင့်ရသူ နေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေး တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်ပါစည်းကမ်းချက်များအတိုင်း ကုမ္ပဏီဘက်မှ လိုက်ပါ လုပ်ဆောင်ရန် ကြီးကြပ်မှုပျက်ကွက်ခဲ့သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက်သည်ဟုပါရှိသည်။

ထို့အတွက်ကြောင့် ၂၀၁ရခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှစ၍ စစ်ဆေးသည့်အချိန်တွင် သဘာဝဓာတ်ငွေ့ဖိုး သန်း(၈၀၀၀)ကျော်ကို တာဝန်ရှိသည့် ကုမ္ပဏီဘက်မ ပေးချေရန် ပျက်ကွက်ခဲ့သဖြင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ စိုက်ထုတ်ကုန်ကျသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း ပေါ်ပေါက်မှုအပေါ် ၄င်းလုပ်ငန်းစဉ်တွင် ပါရှိခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ တာဝန်ရှိသူ တချို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းသည်ဟု မတ်လ ၁ဝရက်နေ့က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly