အိပ်မက်နယ်မြေသို့ ချဉ်းကပ်ခြင်း

အိပ်မက်နယ်မြေသို့ ချဉ်းကပ်ခြင်း

တကယ်တော့ ခရီးသွားခြင်းဆိုတာ ကမ္ဘာကြီးအကြောင်း လေ့လာခြင်းဖြစ်တယ်လို့ တင်စားပြောဆိုလို့ရနိုင်ပါလိမ့်မယ်။

ဥပမာ.. ကျနော်က အသက် သုံးဆယ်ကျော်တဲ့အထိ ပင်လယ်ဆိုတာကို မမြင်ခဲ့ဖူးခဲ့ပါဘူး။ နောက်ပြီး ပင်လယ်ကို မြင်ဖူးဖို့ကြုံပြန်တော့ ကိုယ့်တိုင်းပြည်ထဲမှာ မမြင်ဖူးခဲ့ပဲ သူတပါးတိုင်းပြည်ရောက်နေတဲ့အခိုက်ကြမှ စတင်မြင်ဖူးပြန်တာပါ။ နောက်တော့မှ အသက် တော်တော်ကြီးကာမှ ဘင်္ဂလားပင်လယ်အော်ကို စတင်မြင်ဖူးတာပါ။ ဒီတော့ ပင်လယ်ကို မမြင်ဘူးခင်အချိန်က တစ်ခါတလေ ပင်လယ်ကို အိပ်မက်ထဲမှာ မြင်ခဲ့ဖူးပါတယ်။ အိပ်မက်မှာပဲ ပင်လယ်ကို စတင်မြင်ဖူးတဲ့သဘော ပြောလို့ရမယ်ထင်ပါတယ်။

အခုလည်း ကျနော်က တောင်ဇလပ်ပန်းကို မမြင်ဖူးသေးပါဘူး။ တောင်ဇလပ်ပန်းက ချင်းတောင်မှာပဲပွင့်လေ့ရှိတယ်ဆိုတာ ကြားဖူးတာကြာပြီဖြစ်ပေမယ့် ချင်းတောင်ကို လွန်ခဲ့တဲ့ သုံးနှစ်က ရောက်ဖူးခဲ့ပေမယ့် တောင်ဇလပ်ပန်းကို မမြင်ဖူးသေးပါဘူး။ ချင်းတောင်ကို ပထမအကြိမ်ရောက်စဉ်က တောင်ဇလပ်ပန်းပွင့်တဲ့အချိန်မဟုတ်တော့ တောင်ဇလပ်ပန်းပွင့်တဲ့ဒေသဖြစ်သည့်တိိုင် ကျနော် မြင်ခွင့်မသာခဲ့ပါဘူး။ အခုတော့ မိတ်ဆွေတွေက ချင်းတောင်ခရီးသွားရအောင်လို့ညှိတဲ့အခါ ကျနော်က ချက်ချင်းဆိုသလိုသဘောတူပြီး ခရီးထွက်ခဲ့တာပါ။ ဘာပြုလို့လည်းဆိုတော့ ကျနော်တို့ရောက်လာတဲ့ မတ်လဆန်းအချိန်က တောင်ဇလပ်ပန်းတွေ အသေအချာပွင့်တဲ့အချိန်ဖြစ်တယ်ဆိုတာ သိထားလို့ပါပဲ။ တကယ်တော့ တောင်ဇလပ်ပန်းကိုမြင်ဖူးခဲ့စိတ်က အိပ်မက်မက်ထဲမှန်းဆပြီးမှ နေခဲ့ရတဲ့သဘောမို့ ချင်းတောင်ခရီးထွက်လာတော့ ကျနော့်မှာ စိတ်လှုပ်ရှားလို့မဆုံးနိုင်အောင်ဖြစ်ခဲ့တာပါ။

အခု ကျနော်တို့ကားလေး ဆောမြို့လည် စျေးဆိုင်တမ်းတွေရှေ့မှာ ထမင်းထိုင်စားလို့ သက်တောင့်သက်သာဖြစ်မယ့် စားကောင်းမယ်လို့ထင်ရတဲ့ဆိုင်ကို လိုက်ပြီးအကဲခတ်ကြရပါသေးတယ်။ ဘယ်ဆိုင်က စားလို့ကောင်းသလဲဆိုတာလည်း မေးကြမြန်းကြရပါတယ်။ နောက်တော့လည်း စျေးဆိုင်တဆိုင်က လက်ညှိုးထိုးပြတဲ့ ထမင်းဆိုင်ရှေ့မှာ ကားရပ်လိုက်ကြပါတယ်။
ထမင်းစားတဲ့အခါ အရံဟင်းတွေက ဆယ်မျိုးလောက်ချပေးပါတယ်။ ကျနော်စိတ်ဝင်စားတဲ့ဟင်းက နွားနောက်သားဟင်းပါ။
နွားနောက်ဆိုတာက မြေပြန့်မှာမွေးလေ့မွေးထမရှိပါဘူး။ ကျနော်ငယ်စဉ် စလင်းမြို့မှာနေစဉ်ကတည်းက နွားနောက်အကြောင်းကြားခဲ့့ဖုူးပါတယ်။ ဖခင်ဖြစ်သူက တိမွေးကုဦးစီးဌာနကဖြစ်တော့ ချင်းတောင်ပေါ်ခရီးထွက်ရပါတယ်။ ပြန်လာရင် နွားနောက်နွားအကြောင်း ပြောသံကြားရတတ်ပါတယ်။ အတိအကျတော့မသိပေမယ့် နွားနောက်က ခိုင်းလို့သိတ်မရဘဲ အသားစားဖို့အတွက်သာ အဓိကထားမွေးကြတာလို့ဆိုပါတယ်။ ကျွဲနဲ့တူပြီး ကျွဲလောက်ပဲရှိတယ်လို့သိရပါတယ်။

ပြီးတော့ တခြားတောတိရစ္ဆာန်အသားတွေလည်းစုံအောင်ရပါတယ်။ ငှက်သားတွေလည်း ရပါတယ်။ ဆက်ဆံရေးကောင်းပြီး ဟင်းတွေက စုံလည်းစုံ ကောင်းလည်းကောင်းတာမို့ ကျနော်တို့အားလုံး အားပါးတရစားကြပါတယ်။

ထမင်းစားနေတုန်း ဆိုင်ရှင်က အရက်ပုလင်းတစ်လုံးယူလာပြပါတယ်။ တောင်ဇလပ်ပန်းနဲ့ချက်တဲ့အရက်တဲ့။ ပုလင်းမှာ တောင်ဇလပ်ပန်းတံဆိပ်နဲ့ အကျအနပါပဲ။ ကျနော်က တအံ့တသြယူတော့ကြည့်ပါတယ်။ ဝယ်တော့မဝယ်လိုက်ပါဘူး။ တောင်ဇလပ်ပန်းအရက်တဲ့ဗျို့ဆိုပြီး ဖုန်းနဲ့ပဲဓါတ်ပုံရိုက်ပြီး ဖေ့ဘုတ်ပေါ်တင်လိုက်တော့ ယမကာကြိုက်တဲ့မိတ်ဆွေတွေက တအံ့တသြ ဝမ်းပမ်းတသာပဲ Like ပေးကြတာတွေ့လို့ ပြုံးမိပါသေးတယ်။

တကယ်တော့ ဆောမြို့ဟာ ကျနော်ငယ်စဉ်က စိတ်ထဲကြောစိမ့်အောင်ကြောက်ဖူးတဲ့မြို့တမြို့ပါပဲ။ ငယ်စဉ်ကဖတ်ဖူးတဲ့ စုန်းကဝေဝတ္ထုတွေထဲမှာ ဒီဆောမြို့နယ်တဝိုက်ဟာ မပါမပြီးတဲ့အရပ်ပါပဲ။ စုံးပညာရှင်တွေပေါများတဲ့ဒေသ၊ လူစင်စစ်က ကျားဖြစ်တယ်ဆိုတဲ့အရပ် ဆိုပြီး ဝတ္ထုတွေထဲဖတ်ခဲ့ရတော့ ငယ်စဉ်က မရောက်ဖူးပေမယ့် စိတ်ထဲထိတ်လန့်ကြောက်ရွှံ့နေခဲ့တာကိုတွေပြီးလည်း ပြုံးမိပါသေးတယ်။

တကယ်တော့ ဒီဒေသဟာ တချိန်တုန်းက မြေပြန့်ကလူတွေ အရောက်အပေါက်နည်းလှတဲ့ဒေသဖြစ်ခဲ့ပါတယ်။ တောတောင်ထူထပ်တဲ့ဒေသကြီးလည်းဖြစ်ပါတယ်။ သွားရေးလာရေးခက်ခဲလှပါတယ်။ ဒီတော့ကာ စာရေးဆရာတချို့က သူတို့နားစွန်နားဖျားကြားထားတဲ့အချက်တွေအပေါ်မူတည်ပြီး ဆောဒေသ ယောဒေသဆိုတာ စုန်းပညာရှင်တွေရှိတဲ့အရပ်အဖြစ် ဝတ္တုတွေ ဇာတ်လမ်းဆင်ထည့်ရေးလို့ သတင်းအမှားတွေ ကျနော်ဖတ်ခဲ့ရပြီး ထိတ်လန့်နေခဲ့တဲ့သဘောပါပဲ။ အခုထက်ထိလည်း ဆောမြို့ဟာ မြို့ငယ်လေးသဘော ရှိဟန်တူပါတယ်။ လူစည်ကားတဲ့နေရာကလည်း အဲဒီ မြို့လည်လမ်းတဝိုက်တနေရာတည်းပဲရှိတယ်လို့ သိရပါတယ်။

ကျနော်တို့လူသိုက် ကားစက်နှိုးပြီး ခရီးဆက်မယ်လုပ်တော့ လမ်းဆုံလမ်းထောင့်တနေရာမှာ မိန်းမသားတချိို့ တန်းစီထိုင်ရင်း လူသွားလူလာ ကားသွားကားလာတွေကို စိတ်ဝင်တစားကြည့်နေကြတာကို ကျနော် ကားပေါ်ကပဲ ဓါတ်ပုံရိုက်ယူလိုက်ပါတယ်။

တောင်ပေါ်သူ တောင်ပေါ်သား တိုင်းရင်းသားတွေမှာ မြေပြန့်ကလူတွေနဲ့မတူတဲ့အချက်က လမ်းလျှောက်ရင် ရှေ့နောက်တန်းစီပြီးလျှောက်တတ်ကြတာမျိုးနဲ့ လမ်းထောင့်တွေမှာ တန်းစီထိုင်ပြီး စိတ်ဝင်တစားကြည့်နေတတ်တာမျိုး ရှိတတ်ကြပါတယ်။

ဆောမြို့က အထွက်ကြတော့ ကျနော်တို့ကားကလေးဟာ ကန်ပက်လက်မြို့ကလေးဆီ ဦးတည်ထားကြပါတယ်။ နောက်ထပ် တစ်နာရီလောက်ရှိရင် ကန်ပက်လက်မြို့ကလေးဆီရောက်တော့မှာပါ။

ဆောမြို့ကို ထွက်တဲ့အခါ ဒီမြို့ကလေးဟာ မကွေးတိုင်းဒေသကြီးနဲ့ ချင်းဝိသေသတိုင်းနယ်စပ်မြို့ဖြစ်တယ်ဆိုတာ သိရပါတယ်။ ဒီမြိုကလေးက မကွေးတိုင်းဒေသကြီးထဲမှာပါ။ လမ်းတဝက်လောက်ရောက်တော့ မကွေးတိုင်းဒေသကြီးနယ်နိမ်ိတ်ပြ ကျောက်တိုင်တိုင်းကြီးတွေ့ပါတယ်။

မကြာခင်တော့ ကန်ပက်လက်မြို့ကလေးဆီရောက်တော့မှာပါ။ အချိန်ရရင် ခေါ်နူးဇုန်တောင်အထိ ဆက်တက်ကြဖို့လည်း တိုင်ပင်လိုက်ကြပါတယ်။

ဆက်လက်ဖတ်ရှုပါရန်…

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly