မြောက်ဦးမြို့အနီး တိုက်ပွဲများဖြစ်ပွား၊ အရပ်သားထိခိုက်ဒဏ်ရာ ရရှိမှုများရှိနေ

မြောက်ဦးမြို့အနီး တိုက်ပွဲများဖြစ်ပွား၊ အရပ်သားထိခိုက်ဒဏ်ရာ ရရှိမှုများရှိနေ
ဓာတ်ပုံ - EPA

ရန်ကုန် ၊ မတ် ၁၆ ။             ။ ကမ္ဘာ့လှည့်ခရီးသွားများ သွားရောက်လေ့ရှိသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အနီး၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္စျိမသို့ပြောသည်။

“မြောက်ဦးမှာ လူတွေလည်း တော်တော်စိုးရိမ်နေတယ်။ လက်ရှိအခြေအနေက အပေါ်မှာလေယာဉ်က ဝဲနေတယ်။ အောက်မှာလည်း စစ်ကြောင်းတွေက ဖြတ်နေတယ်။ အဲ့တော့ပြည်သူလူထုက စိုးရိမ်နေတယ်” ဟု ဦးထွန်းသာစိန်က မတ်လ ၁၆ ရက်နေ့ ညနေ ၆နာရီတွင် မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

ယနေ့ မတ်လ ၁၆ ရက်၊ နေ့လယ် ၂ နာရီခန့်တွင်လည်း မြောက်ဦးမြို့နယ် မြောက်ဘက်အစွန် တောင်ဦးအမည်ရှိ ကျေးရွာတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အရပ်သား မိန်းကလေးတစ်ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ရသောကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၄င်းက ဆိုသည်။

ယင်းအပြင် ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ညဦးပိုင်းတွင်လည်း မြောက်ဦးမြို့ပေါ်ရှိ ရပ်ကွက်အချို့ပေါ်သို့ ကျည်ဆံများ ကျရောက်ခဲ့ပြီး အရပ်သား အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်မှုများကြောင့် မြောက်ဦးမြို့ပေါ်ရှိ ရှေးဟောင်းစေတီပုထိုးအချို့လည်း ကျည်ထိမှန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိတွင်ပြည်နယ်တစ်ခုလုံး၌ စစ်ဘေးရှောင်ဒေသခံ တစ်သောင်းကျော်ခန့်ရှိနေခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required