ပြိုင်ဘက်ဖြစ်သူ Xiong Jing Nan ၏ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ပြီး အနိုင်ယူသွားမည့် Angela Lee

ပြိုင်ဘက်ဖြစ်သူ Xiong Jing Nan ၏ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ပြီး အနိုင်ယူသွားမည့် Angela Lee

ONE အမျိုးသမီး အက်တမ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားသော Angela “Unstoppable” Lee သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ONE အမျိုးသမီးစတောဝိတ်ချန်ပီယံခါးပတ်အတွက် “The Panda” Xiong Jing Nan  ကို ရင်ဆိုင်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ခါးဆစ်ရိုးဒဏ်ရာကြောင့် ကံမကောင်းစွာပင် ပြိုင်ပွဲကို ရွေ့ဆိုင်းခဲ့ရသည်။

 Leeသည် မတူညီသောဝိတ်တန်း ၂ ခု၏ ကမ္ဘာ့ချန်ပီယံခါးပတ် ၂ခုကို တစ်ပြိုင်နက် သိမ်းပိုက်နိုင်သည့် ပထမဦးဆုံးသော အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားအဖြစ် သမိုင်းတွင်နိုင်ရန် မျှော်မှန်းထားခဲ့သော်လည်း ၎င်း၏ခါးဒဏ်ရာသည် ပြိုင်ပွဲဝင်ရန် အဟန့်အတားဖြစ်စေခဲ့သည်။

 အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်သော နာမည်ကြီး ကိုယ်ခံပညာကစားသမား Lee သည် ဒဏ်ရာရရှိခံစားနေရသောအချိန်တွင် စိတ်မကောင်းခြင်းကြီးစွာဖြစ်ခဲ့ရပြီး၊ စခန်းသွင်းလေ့ကျင့်မှုတွင် ၎င်း၏အားထုတ်ခဲ့ရမှုများအားလုံးသည် အရာမထင်ဖြစ်ခဲ့ရကာ အခွင့်အရေးကောင်းကို လက်မတင်လေးပင် ဆုံးရှုံးခဲ့ရသည်ဟု
 တွေးမြင်နေခဲ့သည်။

 သို့သော်လာမည့် မတ်လ ၃၁ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ပထမဆုံး ကျင်းပမည့် ONE Championship ၏ ONE: A NEW ERA ပြိုင်ပွဲကြီးတွင်၎င်းနှင့် Xiong တို့ရင်ဆိုင်မည့်ပွဲကို  ပြန်လည်စီစဉ်လိုက်သောအခါ Lee သည် အလွန်ပင်ပျော်ရွှင်ဝမ်းမြောက်ခဲ့သည်။

 “ကျွန်မသိပ်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ကျွန်မ ဒီအခွင့်အရေးမျိုး ထပ်မရနိုင်တော့ဘူးလို့ ထင်ခဲ့တာ” ဟု Lee က ဆိုသည်။

 “ကျွန်မ သမိုင်းသစ်ရေးမယ်လို့ စိတ်ပိုင်းဖြတ်ပြီးပေမယ့် ကံမကောင်းစွာနဲ့ မျှော်လင့်မထားတဲ့ကိစ္စတွေ ဖြစ်လာခဲ့တယ်။ ကျွန်မလည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါဟာ ကျွန်မရဲ့သည်းခံနိုင်စွမ်းကို တိုင်းတာလိုက်တာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 ယခုအခါ Lee ၏ ခန္ဓာကိုယ်သည် အပြည့်အဝပြန်လည်ကျန်းမာလာခဲ့ပြီး၊ လေ့ကျင့်မှုများပြုလုပ်ရာတွင်လည်း အဆင်ပြေချောမွေ့လာခဲ့သည်။ ထို့အပြင် Lee အနေဖြင့် ဝိတ်တန်းအသစ်ဖြစ်သော စတောဝိတ်သို့ ပြောင်းလဲတက်လှမ်းရန် ကြိုးပမ်းဆောင်ရွက်နေမှုများသည်လည်း အရာထင်လာခဲ့သည်။

 Leeသည် ပြိုင်ပွဲနီးလာသောအချိန်တွင် ဝိတ်ကွာခြားချက်ကို အာရုံစိုက်မည့်အစား ၎င်း၏ ကစားကွက်နည်းစနစ်နှင့် လက်ရည်တက်လာစေရန် ယခုအခါ အကူအညီများရရှိနေပါသည်ဟု ဆိုသည်။

 “ဟုတ်တာပေါ့၊ ကျွန်မရဲ့ပုံမှန်ဝိတ်ထက် ဒါက တစ်ဆင့်တက်လိုက်တာဆိုပေမယ့် ကျွန်ရဲ့ပုံမှန်ဝိတ်နဲ့တော်တော်လေးနီးစပ်ပါတယ်။ ဝိတ်တန်းတစ်ဆင့်တက်လိုက်ခြင်းအားဖြင့် ကျွန်မက ပိုပြီးအန္တရာယ်ကြီးတဲ့ ကစားသမားတစ်ယောက်ဖြစ်လာပါတယ်။ ဝိတ်ကွာခြားချက်အတွက် စိတ်ပူပန်နေမယ့်အစား ကျွန်မရဲ့ တိုက်ခိုက်မှုစွမ်းရည်နဲ့
 ကစားနည်းဗျူဟာတွေအတွက်ကိုပဲ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပါတယ်” ဟု Lee ကပြောသည်။

 “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ စတောဝိတ်တန်းမှာ ယှဉ်ပြိုင်ဖို့အတွက် သိပ်ကို စိတ်လှုပ်ရှားနေပါတယ်”ဟု ၎င်းက ဖွင့်ဟခဲ့သည်။

 ယခုလာမည့် ပွဲစဉ်သည် ၎င်း၏ ကစားသမားသက်တမ်းတစ်လျှောက်တွင် အထင်ရှားဆုံးပွဲစဉ်တစ်ခုဖြစ်မည်ဆိုသည်မှာ အသေအချာပင်ဖြစ်သည်။ အကယ်၍ Lee သည် ၎င်းထက် ပိုမိုထွားကြိုင်းသန်မာသလို အားနည်းသည့် ပြိုင်ဘက်များကို လှလှပပ ပွဲသိမ်းအနိုင်ယူတတ်သော Xiong ကို ရင်ဆိုင်ရမည့်ပြိုင်ပွဲကြီးတွင် အနိုင်ရရှိမည်ဆိုပါက ၎င်းအနေဖြင့် သမိုင်းသစ်တစ်ခုရေးထိုးနိုင်မည်ဖြစ်သည်။

 ရှုံးပွဲမရှိစံချိန်တင်ထားသော ချန်ပီယံခါးပတ်ပိုင်ရှင် Lee သည် အက်တမ်ဝိတ်ချန်ပီယံခါးပတ်အပြင် ဒုတိယချန်ပီယံခါးပတ်တစ်ခုကို ထပ်မံရယူနို်င်ရန် မျှော်လင့်လျက်ရှိသည်။ ထိုရည်မှန်းချက်ပြည့်ဝစေရန်အလို့ငှာ မည်သည့်ပြိုင်ဘက်ကမှ အလဲမထိုးနိုင်သေးသည့် ပြိုင်ဘက်ကစားသမား တရုတ်နိုင်ငံသူ Xiong ကို သေချာပေါက်အနိုင်ရယူရန် လိုအပ်သည်။

 “ကျွန်မ ပြိုင်ပွဲကို အနိုင်ရဖို့အတွက် အဘက်ဘက်က အသာစီးရနေဖို့လိုအပ်ပါတယ်”ဟု Lee က ကောက်ချက်ချသည်။

 “ကျွန်မစွမ်းရည်ရှိသမျှကို အသုံးပြုပြီးတော့ Xiong Jing Nan ကိုအနိုင်ယူပြီး ONE အမျိုးသမီး စတောဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အရယူပါမယ်”ဟု Lee က နိဂုံးချုပ်ပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required