မက္ကဆီကိုနဲ့ နယ်ခြားတံတိုင်း ကာရံရေး ရန်ပုံငွေအတွက် သမ္မတ ထရမ့်က ပထမဆုံးဗီတိုအာဏာသုံး

မက္ကဆီကိုနဲ့ နယ်ခြားတံတိုင်း ကာရံရေး ရန်ပုံငွေအတွက် သမ္မတ ထရမ့်က ပထမဆုံးဗီတိုအာဏာသုံး

၀ါရှင်တန်၊ မတ် ၁၆ ။            ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းဦးစားပေးထားတဲ့ အမေရိကန်-မက္ကဆီကို နယ်ခြားတံတိုင်းကာရံရေးအတွက် ရန်ပုံငွေ ကျိန်းသေရရှိစေရန် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချပြီး သမ္မတရဲ့ ဗီတိုအာဏာကို ပထမဆုံး သုံးစွဲခြင်း အဖြစ် သောကြာနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီ ဗီတိုအာဏာကို လက်မှတ်ရေးထိုးရခြင်းအတွက် သူ့အနေနဲ့ ဂုဏ်ယူကြောင်း ဘဲဥပုံရုံးခန်းမှာ ထရမ့်က ကြေညာပါတယ်။

“ဒီမိုကရက်တစ်တွေ ထောက်ခံတဲ့ ကွန်ဂရက်ရဲ့ နယ်ခြားတံတိုင်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ အန္တရာယ်တစ်ရပ်ပါပဲ။ ဒီ ဆုံးဖြတ်ချက်မှာ ကျွန်တော်ရဲ့ နယ်ခြားတံတိုင်း အရေးပေါ် ရန်ပုံငွေ တောင်းခံမှုကို ပိတ်ဆို့ထားတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်က ဗီတိုအာဏာကို လက်မှတ်ထိုးလိုက်ရတယ်။”လို့ ထရမ့်က ပြောပါတယ်။

နယ်ခြားတံတိုင်းကာရံရေးနဲ့ ပတ်သက်ပြီး ထရမ့်က အရေးပေါ်အခြေအနေ ကြေညာခဲ့တာကို ကြာသပတေးနေ့မှာ ရီပတ်ဘရီကန်အမတ်အချို့ အပါအဝင် လွှတ်တော်အမတ်တွေက ထရမ့်ရဲဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကို ပယ်ချလိုက်ကြတာပါ။ ဒီအတွက် ထရမ့်အနေနဲ့ ကသိကအောက်ဖြစ်ရတဲ့ အရှုံးကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒီနောက်မှာတော့ ထရမ့်ဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျော်လွှားနိုင်အောင် သောကြာနေ့မှာ နယ်ခြားတံတိုင်းတည်ဆောက်ရေး ရန်ပုံငွေအတွက် ဗီတိုအာဏာ ပထမဆုံး အသုံးပြုလာတာပဲ ဖြစ်ပါတယ်။

“ခုလို ဗီတိုအာဏာ ထုတ်သုံးရတာက အားလုံးသော အမေရိကန် ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက်ပါ။ နိုင်ငံတွင်းကို ထုထည်ကြီးမားစွာ တရားမဝင် ဝင်ရောက်နေကြတာတွေ အဆုံးသတ်သွားဖို့အတွက်ပါ။”လို့ ထရမ့်က ပြောခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required