လေယာဉ်(ဒရုန်း) စျေးကွက်တန်ဖိုး ၂၀၂၄ တွင် ဒေါ်လာ ၁၀ ဘီလျံအထိရောက်ရှိမည်

လေယာဉ်(ဒရုန်း) စျေးကွက်တန်ဖိုး ၂၀၂၄ တွင် ဒေါ်လာ ၁၀ ဘီလျံအထိရောက်ရှိမည်

လူလိုက်ပါခြင်းမရှိသည့်လေယာဉ် (ဒရုန်း) ဈေးကွက်တန်ဘိုးမှာ ၂၀၂၄ ခုနှစ်အရောက်တွင် လက်ရှိထက်နှစ်ဆနီးပါးအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ကထုတ်ဝေခဲ့သော IHS Jane's Intelligence Review စာစောင်၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ယခုဆယ်စုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ဒရုန်းဈေးကွက်တန်ဘိုးမှာ လက်ရှိ ဒေါ်လာ ၆ ဒသမ ၄ ဘီလျံမှ နှစ်စဉ် ၅ ဒသမ ၅ ရာခိုင်နှုန်းကျယ်ပြန့်လာမည်ဟု ခွဲခြမ်းစိတ်ဖြာလေ့လာမှုအရသိရသည်။

"လူလိုက်ပါမှုမရှိတဲ့စနစ်တွေက ဒီမှာ တွင်ကျယ်ဖို့ရှိနေပါပြီ"ဟု လန်ဒန်အခြေစိုက် လူလိုက်ပါခြင်းမရှိသည့်စနစ်များကို ဦးဆောင်လေ့လာသူ ဒဲရစ်မေပယ်က ပြောသည်။

"ဒီစနစ်တွေက အခိုင်အမာတည်ရှိနေပါပြီ။ တိုက်ခိုက်ရေးမှာလည်း သက်သေပြပြီးပါပြီ။ နောက်ပြီး ကမ္ဘာတစ်ဝန်း အနာဂတ်စစ်ဆင်ရေးတွေရဲ့ မရှိမဖြစ်ချဲ့ထွင်နေမဲ့အရာတွေဖြစ်ပါတယ်"ဟုလည်း ၎င်းကဆိုသည်။ လွန်ခဲ့သည့်နှစ်က ဒရုန်းတင်ပို့မှုမှာ အစ္စရေးက ထိပ်တန်းနေရာတွင် ရှိနေခဲ့သော်လည်း ယခုနှစ်တွင် အမေရိကန်က ကျော်တက်မည်ဖြစ်သည်။

အမေရိကန်၏ General Atomics Predator စီးရီးနှင့် Northrop Grumman Hawk ဒရုန်းအမျိုးအစားများရောင်းချမှုမှ အစ္စရေးကို ကျော်တက်မည်ဖြစ်သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဒရုန်းတင်သွင်းမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးအပေါ်မှီခိုနေရမှုကို လျှော့ချရန်ကြိုးပမ်းနေသော အနောက်ဥရောပကလည်း ၂၀၂၄ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဘိုးအထိရောင်းချနိုင်ရန် ခန့်မှန်းထားသည်။

သို့သော်လည်း အနောက်ဥရောပသည် တရုတ်၊ ရုရှ၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ ယှဉ်ပြိုင်မှုနှင့်လည်း ရင်ဆိုင်နေရသည်။ ယင်းနိုင်ငံများ၏ စုစုပေါင်းရောင်းချရမှုမှာ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ၄ ဘီလျံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

ဒရုန်းများကို အာဖဂန်နစ္စတန်တွင် ၎င်း၏စစ်ဆင်များတွင် အမေရိကန်က ကျယ်ပြန့်စွာအသုံးပြုခဲ့သော်လည်း ထိုစဉ်ကပင် အရပ်ဘက်ဆိုင်ရာတွင်လည်း သုံးစွဲမှုမြင့်မားလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required