အီးယူမှ ဗြိတိန် ခွဲထွက်ရေးကို အချိန်တိုးပေးဖို့ လွှတ်တော်အမတ်တွေ မဲပေး

အီးယူမှ ဗြိတိန် ခွဲထွက်ရေးကို အချိန်တိုးပေးဖို့ လွှတ်တော်အမတ်တွေ မဲပေး

လန်ဒန်၊ မတ် ၁၅ ။          ။ ဥရောပသမဂ္ဂ အီးယူ ကနေ ဗြိတိန်နုတ်ထွက်ခြင်း ဘရစ်ဇစ်အစီအစဉ် အကောင်အထည်ဖော်ဖို့ သီတင်းနှစ်ပတ်တာ လိုတော့တဲ့ချိန်မှာ နုတ်ထွက်ရမယ့် ရက်ကို အချိန်တိုးပေးဖို့ အီးယူကို တိုက်တွန်းရေး ဗြိတိန်အမတ်တွေက မဲပေးဆုံးဖြတ်လိုက်ပါတယ်။

မတ် ၂၉ ရက်မှာ တရားဝင် နုတ်ထွက်ရတော့မှာ ဖြစ်ပေမယ့် ဗြိတိန်အနေနဲ့ နုတ်ထွက်တဲ့ အစီအစဉ်အချက်အလက်တွေကို လွှတ်တော်မှာ သဘောတူညီမှု မရနိုင်သေးဘဲ ရှိနေတာပါ။

၄၆ နှစ်တာ မဟာမိတ် ရင်းနှီးခဲ့တဲ့ အီးယူကနေ နုတ်ထွက်ဖို့အရေးမှာ ရက်တိုးပေးဖို့ အီးယူခေါင်းဆောင်တွေကို တောင်းဆိုရန် ကြာသပတေးနေ့မှာ လွှတ်တော်အမတ်တွေက မဲပေးဆုံးဖြတ်လိုက်တာပါ။

ဒီလို မဲပေးဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ် ထရီဆာမေရဲ့ နှစ်ကြိမ်တိုင် လွှတ်တော်မှာ ပယ်ချခံရတဲ့ နုတ်ထွက်ရေးအစီအစဉ်ကို လာမယ့်သီတင်းပတ်မှာ နောက်ထပ်တစ်ခါ လွှတ်တော်မှာ ပြန်တင်ပြမဲခွဲနိုင်ခွင့် ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ထရီဆာမေ အီးယူနဲ့ သဘောတူညီမှု ရရှိထားတဲ့ နုတ်ထွက်ရေးအစီအစဉ်ကို ဗြိတိန်လွှတ်တော်မှာ မဲအနိုင်မရဘဲ ပယ်ချခံရတာ နှစ်ကြိမ်တိုင် ရှိပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ထရီဆာမေရဲ့ အဆိုပါ နုတ်ထွက်ရေးအစီအစဉ်ကို ထပ်ပယ်ချခံရပြီး အီးယူကလည်း ရက်တိုးပေးဖို့ အတည်မပြုဘူးဆိုရင်တော့ မတ် ၂၉ ရက်မှာ ဘရစ်ဇစ်အရေးဟာ သဘောတူညီမှု မရတဲ့ အခြေအနေမှာပဲ ဆက်လက်ရှိနေတော့မှာ ဖြစ်ပါတယ်။

အီးယူခေါင်းဆောင်တွေကတော့ လန်ဒန်ရဲ့ ဘယ်လို မေတ္တာရပ်ခံ တောင်းဆိုချက်မျိုးကိုမဆို ၎င်းတို့က စဉ်းစားပေးမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required