နယူးဇီလန်က ဗလီကျောင်း အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှု

နယူးဇီလန်က ဗလီကျောင်း အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှု

မတ် ၁၅ ။     ။ နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့က ဗလီကျောင်းနှစ်ခုမှာ မတ်လ ၁၅ ရက်က သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် သေဆုံးသူ ၄၉ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။ လူ ၂၀ ထက်မနည်း  ပြင်းထန် ဒဏ်ရာတွေ အသီးသီး ရသွားပါတယ်။

ယင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး တို့ကို ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အမျိုးသားတစ်ဦးကိုတော့ လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး ဖြစ်ပါတယ်။

မွတ်ဆလင် ဆန့်ကျင်ရေး ကြေညာစာတမ်းတစ်ခုကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်သူတွေအနက် တစ်ဦးရဲ့ လူမှုကွန်ရက် အကောင့်မှာ စာမျက်နှာ ၈၇ မျက်နှာပါ မွတ်ဆလင်ဆန့်ကျင်ရေး ကြေညာစာတမ်းလင့်တစ်ခု တင်ထားတာကို တွေ့ခဲ့ရပါတယ်။ တိုက်ခိုက်မှုမတိုင်ခင် ရွှေ့ပြောင်းနေထိုင်သူတွေ ဆန့်ကျင်ရေး၊ မွတ်ဆလင်ဆန့်ကျင်ရေး အိုင်ဒီယာတွေ၊ ရှင်းလင်းချက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။

ဒါဟာ အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်ပြီးနောက် နယူးဇီလန် ခရစ်ကက်အသင်းကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ကစားမယ့် ပွဲကို ဖျက်သိမ်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဒီ နယူးဇီလန် အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်း မွတ်ဆလင် နိုင်ငံအများအပြားက ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် တိုက်ခိုက်သူ တစ်ဦးရဲ့ ကားတစ်စီးထဲမှာ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကို ရှာတွေ့ခဲ့ကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်း ဗလီကျောင်း ပစ်ခတ်မှုမှာ ငယ်ရွယ်တဲ့ မိန်းကလေးငယ် တစ်ဦး ကျောဘက်မှာ ပစ်ခတ်ခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်လို့ အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ဒီ အကြမ်းဖက်တိုက်ခိုက်မှုဟာ စနစ်တကျ ကြိုတင် စီစဉ်ထားခဲ့တဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ယခု ဖမ်းဆီးထိန်းသိမ်းထားသူ လေးဦးအနက် တစ်ဦးက သြစတြေးလျနိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။

ယခု နယူးဇီလန် တိုက်ခိုက်မှုဖြစ်ပြီးနောက် အလံတွေ တစ်ဝက် လွှင့်ထူဖို့ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က  ပြောဆိုသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly