အကွေ့တစ်ထောင် တောင်အဆင့်ဆင့်

အကွေ့တစ်ထောင် တောင်အဆင့်ဆင့်

ကျနော်တို့လေးယောက် မကွေး တိုင်းဒေသကြီးနယ်နိမိတ်နဲ့ ချင်းဝိသေသတိုင်းနယ်နိမိတ်ထိစပ်ရာနေရာမှာ မကွေးတိုင်းဒေသကြီးကျောက်စာတိုင်ကြီးရှေ့မှာ ဓါတ်ပုံရိုက်ကြပါတယ်။

ကျနော့်အထင်က အဲဒီမကွေးတိုင်းကျောက်စာတိုင်ကြီးနဲ့အတူ ချင်းဝိသေသတိုင်းနယ်နိမိတ်ကျောက်စာတိုင်လည်း ရှိနေမယ်လို့ထင်ပြီး အမှတ်တရဓါတ်ပုံရိုက်ချင်လို့ လိုက်ကြည့်ပါသေးတယ်။ မတွေ့ရပါဘူး။  စိတ်ထဲလွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲ ဒီလမ်းကိုရောက်စဉ်တုန်းက ဆိုင်းပုတ်ကျောက်စာတိုင်နှစ်ခုရှိတယ်လို့ထင်ထားတာမို့ တွေးလို့မရအောင်ဖြစ်နေပါသေးတယ်။ နောက်တော့မှ ကားနဲ့နည်းနည်းရှေ့တိုးလာတဲ့အခါကြမှ ရှေ့မလှမ်းမကမ်း ကိုက်အနည်းငယ်အကွာ တောင်ကွေ့ကြာကာမှ ချင်းဝိသေသတိုင်းနယ်နိမိတ် ဆိုင်းပုတ်ကျောက်စာတိုင်ကိုတွေ့ရပါတော့တယ်။ နည်းနည်း ရှေ့ဆက်သွားတော့လည်း ကန်ပက်လက်မြို့နယ် ဆိုင်းပုတ်ကိုလည်းတွေ့လာရပါတယ်။

ဆိတ်ဖြူမြို့အထွက် တစ်နာရီမရှိတရှိအချိန်ကတည်းက ကျနော်တို့ကားကလေးဟာ အကွေ့အကောက်များလှတဲ့ တောင်တက်လမ်းကိုဖြတ်ခဲ့ရပါတယ်။ ကိုသက်မှူးရဲ့အပြောအရဆိုရင် “ဗမာပြည်ရဲ့Fall ရာသီဖြစ်တယ်”ဆိုတဲ့စကားအတိုင်း တလမ်းလုံး သစ်ရွက်တွေကြွေပြီး အရောင်စုံသစ်ရွက်သစ်ပင်တောတွေကိုဖြတ်ခဲ့ကြရပါတယ်။ အဝါ၊ အနီ၊ အစိမ်းပျော့၊ အညို၊ အပြာ စုံလင်လှတဲ့ သစ်ပင်တောတန်းမျိုးစုံကို အစုအပြုံလိုက် တလမ်းလုံးတွေ့လာကြရတာပါ။ ကျနော်က ခဏရပ်ပြီး ဓါတ်ပုံရိုက်ချင်ပေမယ့် ဓါတ်ပုံရိုက်ဖို့ မြင်ကွင်းကောင်းရွေးနေရတာရယ် ကားရပ်ခိုင်းရမှာ အားနာတာရယ်ကြောင့် မရိုက်ဖြစ်ပါဘူး။
လွန်ခဲ့တဲ့ ၂၀၁၅ ခုထဲ ချင်းတောင်ကိုသွားတုန်းက မိတ်ဆွေ စေတနာ့ဝန်ထမ်းဆရာဝန်လေး “ဒေါက်တာအောင်ပြည့်ဖြိုး”နဲ့အတူ သွားခဲ့တာပါ။ သူက ကန်ပက်လက်မြို့အနီးက ချင်းရွာတစ်ရွာမှာ ဒေသခံတိုင်းရင်းတွေကို စေတနာ့ဝန်ထမ်းဆေးကုပေးဖို့ သွားတာပါ။ ခရီးသွားဝါသနာပါတဲ့ကျနာ့်ကို အတူလိုက်ပါဖို့ခေါ်လို့ ကျနော်လည်း လိုက်သွားခဲ့တာပါ။ အဲဒီတုန်းက မိုးကုန်ကာစ အချိန်ဖြစ်လို့နဲ့တူတယ် လမ်းမှာ မိုးရေကွက်တချို့တွေ့ရပြီး အခုလို အရောင်စုံသစ်တောတွေကိုလည်း မမြင်ခဲ့ရပါဘူး။ အခုဟာက နွေအဝင် သစ်ရွက်တွေကြွေတဲ့သစ်ပင်ကကြွေ ဝေတဲ့သစ်ပင်ကဝေ ဖြစ်ချိန်မို့ လှပတဲ့သဘာဝပတ်ဝန်းကျင်မြင်ကွင်းတွေ မြင်ခဲ့ရတာပါ။

ချောက်မြို့ကနေပြီး ဧရာဝတီမြစ်ကူးတံတားကြီးကို ကားနဲ့ကူးခဲ့ကြပါတယ်။ ဟိုဘက်ကမ်း ဆိတ်ဖြူ ဆိုတဲ့မြို့ကလေးကို ဖြတ်ရပါတယ်။ ကားလည်းပမ်း လူလည်းနည်းနည်းနွမ်းလာပြီဖြစ်လို့ ထမင်းဆာလာကြပါတယ်။ ဆိတ်ဖြူကိုကျော်လာပြီး ချင်းဝိသေတိုင်းထဲဝင်လာတော့ ကားလမ်းက ကုန်းမြင့်တချို့ကို တက်လာရပါတယ်။ လမ်းကလည်း ပိုပြီးကောက်ကာကွေ့ကာဖြစ်လာပါတယ်။ ရှေ့မှာ ဆောမြို့ကိုရောက်တော့မှာပါ။

ကျနော့်အထင် အဲဒီ “ဆိတ်ဖြူ”နဲ့ “ဆောမြို့” ကြား တောင်တက်လမ်းဟာ အင်မတန်လှပါတယ်။ အကွေ့အကောက်လည်း ထင်ထားတာထက် ပိုများပါတယ်။ ပထမ တောင်အကွေ့တွေကို ကျနော် လိုက်မှတ်ကြည့်ပါသေးတယ်။ အကွေ့တစ်ရာကျော်တော့ ပတ်ဝန်းကျင်ရှုခင်းတွေက ဆွဲဆောင်လွန်းအားးကြီးတော့ လမ်းအကွေ့တွေကို မမှတ်နိုင်တော့ပါဘူး။ ဆောမြို့ကိုရောက်တော့ ကားလမ်းအကွေ့ပေါင်းဟာ တစ်ထောင်ထက်မနည်း ရှိလိမ့်မယ့်လို့ ယူဆမိပါတယ်။

ဆောမြို့ မရောက်ခင် တောင်ပေါ်လမ်းကွေ့ပေါင်းများစွာကို ဆက်တိုက်ကွေ့လာရတဲ့အခါ ကားမောင်းနေတဲ့ ကိုသက်မှူးက သီချင်းတအေးအေးဖြစ်လာပါတယ်။ လှလိုက်တဲ့ သစ်ပင်တွေပါပဲဗျာ၊ ဒါဟာ ဗမာပြည်ရဲ့ Fall ရာသီပေ့ါ လို့ ခဏခဏပြောလည်းပြော သီချင်းလည်း ငြိီးရင်း ကားကို ပျော်ပျော်ရွှင်ရွှင်မောင်းလာပါတယ်။ ကျနော်တို့လည်း သူ့လိုပဲ သဘာဝမြင်ကွင်းတွေကို လိုက်ကြည့်ရင်း တကယ့်ကို စိတ်လက်ကြည်လင်လာကြရပါတယ်။

လွန်ခဲ့တဲ့ (၇) နှစ်ကျော်လောက်က ထိုင်းနိုင်ငံနယ်စပ်မြို့ “မဲ့ဆောက်” ကနေပြီး “နို့ဖိုး ဗမာဒုက္ခသည်စခန်း” သွားခဲ့ရတာကို ပြန်ပြီး သတိရလာပါတယ်။ နို့ဖိုးဒုက္ခသည်စခန်းဆိုတာက ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံထဲက မြန်မာဒုက္ခသည်စခန်း(၉)ခုရှိတဲ့အနက် ဒုတိယအကြီးဆုံး ဒုက္ခသည်စခန်းပါပဲ။ တာ့ခရိုင်ထဲမှာပဲ မြန်မာနိုင်ငံနယ်စပ်နဲ့ (၅)မိုင်သာသာအကွာ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းပါပဲ။ အိမ်ခြေ (၂) သောင်းနီးပါးရှိပါတယ်။ ကျနော်နေထိုင်တဲ့ မဲ့ဆောက်မြို့ကနေပြီး ကားစီးသွားရင် လမ်းမှာ (၆) ကျော်ကြာမှ ရောက်ပါတယ်။ အဲဒီ မဲ့ဆောက် နို့ဖိုးသွားကားလမ်းဟာ အခု ကျနော်တို့သွားနေတဲ့ ဆောမြို့ဆီဦးတည်တဲ့ တောင်ပေါ်ကားလမ်းလိုပဲ အကွေ့အကောက်တော်တော်များပါတယ်။

တလက်စထဲ မှတ်မိလို့ပြန်ပြောရရင် အဲဒီတုန်းက မြန်မာအလုပ်သမားခြောက်ယောက်ပါတဲ့ ကုန်ကားကြီးတစ်စင်း တောင်ထိပ်တနေရာအကွေ့မှာ သူ့ကိုယ်သူမထိန်းနိုင်ဘဲ ချောက်ထဲမကျပေမယ့် တောင်စောင်းတဆင့်မှာပဲ တိမ်းမှောက်နေတာ တွေ့ခဲ့ဖူးပါတယ်။ ကားလမ်းက နည်းနည်းကျဉ်းပြီး ကွေ့ပြီးတက်ရတဲ့မော့တက်နေရာဖြစ်တာမို့ ကားက မထိန်းနိုင်ဘဲ ခတ်ဖြေးဖြေးပဲ တိမ်းမှောက်သွားဟန်တူပါတယ်။ ချောက်ထဲအထိကျမသွားဘဲ တောင်ထိပ်အစပ်မှာပဲ တစောင်းကြီးလဲနေတာပါ။

ကျနော်စီးလာတဲ့ကား အဲဒီတောင်ထိပ်ရောက်တော့ လူတစ်ယောက်က ခတ်ဝေးဝေးကတည်းက ကျနော်တို့ကားကို တားပါတယ်။ ကားပေါ်မှာ မြန်မာလိုပြောတတ်သူနဲ့ မြန်မာတချို႕ပါလာတာမို့ ရပ်ပြီးမေးကြပါတယ်။ ကားက လမ်းဘေး ကျောက်လောင်းထားတဲ့ မီးတိုင်ချောင်းကြီးတွေကို တင်လာတဲ့ကားပါ။ ကားမောင်းသူနဲ့ စပါယ်ယာက ထိုင်းလူမျိုးတွေဖြစ်ပြီး ကျန်တာက မြန်မာအလုပ်သမား (၆)ပါလာတဲ့အကြောင်းနဲ့ အလုပ်သမား တစ်ယောက်ကတော့ တိုင်တွေပိပြီး သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။ ကားမောင်းသူနဲ့စပါယ်ယာကတော့ ထွက်ပြေးသွားကြပြီဖြစ်ကြောင်း ကျန်ရှိတဲ့မြန်မာအလုပ်သမား (၅)ဦးကတော့ ဘယ်မှလည်း မသွားတတ် မလာတတ်လို့ ကူညီကြဖို့ လမ်းပေါ်မှာရပ်ပြီး အကူအညီတောင်းပါတယ်။

ကျနော်တို့ကား တောင်ထိပ်အကွေ့ကိုရောက်တော့ သူပြောတဲ့အတိုင်း ချောက်ကမ်းပါးအစပ်မှာ ကျောက်တိုင်ကြီးတွေတင်ထားလျက်နဲ့ ခါးတဝက်က လေထဲရောက်အောင် တစောင်းလဲနေတဲ့ကားကြီးကို တွေ့ရပါတယ်။ ကားဖင်မြီးအောက် ၀ါးတရိုက်မရှိတရှိနေရာမှာ ကျောက်တိုင်ကြီးတစ်ခု ခေါင်းပေါ်ပိတင်လျက် အသက်မရှိတော့တဲ့ လူတစ်ယောက်ကိုလည်း မြင်ကြရပါတယ်။ ဒါနဲ့ပဲ ကျနော်တို့လည်း ပေါင်တစ်ဖက်ကျိုးနေတဲ့ လူနာကို ကားပေါ်တင်ခေါ်လာပြီး တောင်အောက်ကမြို့ကလေးက ဆေးရုံမှာ တင်ထားခဲ့ကြရပါတယ်။ အဲဒီမြို့ရောက်ကာမှပဲ တယ်လီဖုန်းလက်လှမ်းမီတာဖြစ်လို့ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေပေးလိုက်တဲ့ တယ်လီဖုန်းနံပါတ်တွေကိုနှိပ်ပြီး သက်ဆိုင်ရာတွေကို လှမ်းပြောကြရပါတယ်။ သေဆုံးသွားတဲ့မြန်မာအလုပ်သမားက မဲဆောက်မြို့မှာပဲနေထိုင်သူဖြစ်ပြီး မြန်မာပြည်ကတက်လာတာ ဆယ်ရက်လောက်ပဲရှိသေးတဲ့လူဖြစ်တာရယ် အသက်မသေ ကျန်ရစ်သူအလုပ်သမား (၅)ယောက်အနက် တစ်ယောက်က ပေါင်ကျိုး၊ ကျန်တဲ့သူတွေက တရားဝင်ဘာလက်မှတ်မှမရှိကြဘဲ သုံးစွဲစရာငွေလည်း တပြားမှမရှိဘဲ ဒုက္ခနဲ့ရင်ဆိုင်နေကြရတဲ့အကြောင်း ဖုန်းနဲ့ပဲ အကြောင်းကြားပေးခဲ့ရပါတယ်။

အခုလည်း ကျနော်တို့ဟာ ထိုင်းနိုင်ငံနယ်စပ် တောင်ပေါ်ကားလမ်းလိုပဲ အကွေ့အကောက် အတက်အဆင်းများလှတဲ့ ကားလမ်းပေါ်ရောက်နေကြတာမို့ ကားဆရာကို မကြာခဏသတိပေးရင်း ခရီးဆက်ကြရပါတယ်။ အဲဒီ အတွေ့အကြုံကို ပြန်ပြောပြမိပါတယ်။ မြန်မာတွေ သူတပါးတိုင်းပြည်ထဲ သက်စွန့်ဆံဖျား လုပ်ကိုင်ရှာဖွေကြရတဲဘဝတွေကိုတွေးပြီး စိတ်မကောင်းလည်း ဖြစ်ကြရပါတယ်။

မကြာခင် ဆောမြို့လေးကို ကျနော်တို့ရောက်လာပါတယ်။ မြို့လည်လမ်းအတိုင်း မောင်းဝင်လာရင်းက လူစည်ကားတဲ့စျေးဆိုင်တန်းတွေဘက်ရောက်လာပါတယ်။ ကျနော် စိတ်ဝင်စားတဲ့ ဆောမြို့ပါ။
ကျနော်ငယ်စဉ်က လူစင်စစ်က ကျားဖြစ်တယ် ဆိုတဲ့ ပုံပြင်တွေနဲ့ ကျနော့်ကို ဆွဲဆောင်ဖမ်းစားထားခဲ့ဖူးတဲ့ ချင်းပြည်တောင်တန်းပေါ်က မြို့ကလေးပါ။ စုန်းတွေပေါတယ်ဆိုတဲ့စကား ကြားခဲ့ဖူးတဲ့ ဆောမြို့ပါ။

ဆက်လက်ဖတ်ရှုပါရန်….။

 

Mizzima Weekly