နယူးဇီလန် ဗလီကျောင်း အကြမ်းဖက်တိုက်ခိုက်မှု လူ ၄၀ သေဆုံးဟု ထုတ်ပြန်

နယူးဇီလန် ဗလီကျောင်း အကြမ်းဖက်တိုက်ခိုက်မှု လူ ၄၀ သေဆုံးဟု ထုတ်ပြန်

မတ် ၁၅ ။     ။ နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့မှာ မတ်လ ၁၅ ရက်က ဖြစ်ခဲ့တဲ့ ဗလီကျောင်းနှစ်ခု သေနတ်ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း သေဆုံးသူ ၄၀ အထိ ရှိခဲ့ကြောင်း၊ အခြား အယောက် ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရသွားကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်ကတော့ ဒီဖြစ်စဉ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သုံးနှုန်းသွားပြီး နိုင်ငံရဲ့ အမှောင်မိုက်ဆုံး နေ့တစ်နေ့ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး တို့ကို ထိန်းသိမ်းထားကြောင်း နယူးဇီလန် ရဲမင်းကြီး မိုက်ခ် ဘုရှ်က ပြောပါတယ်။ ဒါပေမယ့် အခြား သံသယရှိ တရားခံတွေ လွတ်မြောက်နေနိုင်သေးတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေအနက် တစ်ဦးဟာ မိမိတို့ နိုင်ငံသားဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ထုတ်ပြောထားပါတယ်။

၎င်း သြစတြေးလျနိုင်ငံသား သေနတ်သမားကတော့ ဒီ ဗလီကျောင်းတိုက်ခိုက်မှုကို တိုက်ရိုက် ဗီဒီယိုရိုက်ကူး ထုတ်လွှင့်ခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။

ခု ဗလီကျောင်းတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့က နောက်ကွယ်ကနေ ပါဝင်ပတ်သက်ခဲ့သလဲ ဆိုတာနဲ့ တိုက်ခိုက်သူ ဘယ်နှစ်ယောက်အထိ ပါဝင်ခဲ့သလဲ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required