၂၀၁၆ တွင် အသုံးစရိတ် ဒေါ်လာ ခြောက်သန်းခန့် သုံးစွဲရန် အဖွဲ့ချုပ်ရည်မှန်း

၂၀၁၆ တွင် အသုံးစရိတ် ဒေါ်လာ ခြောက်သန်းခန့် သုံးစွဲရန် အဖွဲ့ချုပ်ရည်မှန်း
၂၀၁၅ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညီလာခံကို တွေ့ရစဉ်။(ဓာတ်ပုံ- ရွှေဘုတ်)

အောက်တိုဘာ ၃၊ ရန်ကုန်။      ။ ၂၀၁၆ ဘောလုံးရာသီတွင် မြန်မာ့ဘောလုံးလောက ဖွံဖြိုးတိုးတက်ရန်အတွက် အသုံးစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် သုံးစွဲသွားရန် ရည်မှန်းထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် က ဥက္ကဌ အသစ် ရွေးကောက်ပွဲအပြီးတွင် ပြောသည်။
 
 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း လက်ရွေးစင်အသင်း၊ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအရပ်ရပ်နှင့် မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသုံးစရိတ်စုစုပေါင်း ဒေါ်လာဆယ်သန်းခန့် သုံးစွဲခဲ့သည်။

"၂၀၁၁ ကနေ ၂၀၁၄ အထိ ဒီလေးနှစ်လုံးအတွက် ဒေါ်လာ ဆယ်သန်းဝန်းကျင်လောက်ရှိပါတယ်။ တစ်နှစ်ကို နှစ်သန်းနီးပါးလောက် စိုက်ရပါတယ်။ ဒီနှစ်မှာတော့ ဆူဇူကီးဖလား ရှိတော့ ဘတ်ဂျက်ကို ငါးသန်းခွဲနဲ့ ခြောက်သန်းနီးပါးလောက် သုံးဖို့ ရည်မှန်းထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ သုံးသန်းလောက် စပွန်ဆာရှာနိုင်ရင်တော့ နှစ်သန်းကျော်လောက်ပဲ စိုက်ရမှာပါ။ နောင်ဆိုရင်တော့ မစိုက်ရအောင် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါမှလည်း နောင်တက်လာနိုင်မယ့် ဥက္ကဌအသစ်လည်း ပေါ်လာနိုင်မှာပါ။ စပွန်ဆာဆိုတာကလည်း ဒီတိုင်းတောင်းလို့မရပါဘူး။ ကိုယ်လုပ်တဲ့ပြိုင်ပွဲတွေရဲ့ အရည်အသွေးလည်း မြှင့်ဖို့လိုပါတယ်။ ဒါမှလည်း စပွန်ဆာကြေး၊ ရုပ်သံကြေးတွေ ပိုရလာနိုင်မှာပါ ” ဟု ဦးဇော်ဇော်က လာမည့်နှစ် အသုံးစရိတ်နှင့် ပတ်သက်၍ ပြောသည်။
 
လက်ရှိအချိန်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို Ooredoo၊ FBT၊ 100 Plus စသည့် ပြည်ပကုမ္ပဏီများက စပွန်ဆာပေးထားပြီး အခြားပြည်တွင်း၊ပြည်ပ ကုမ္ပဏီများကလည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို စပွန်ဆာပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required