နိုင်ငံတကာအာကာသယာဉ်စခန်းဆီ ဆိုယုဇ်အာကာသယာဉ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ

နိုင်ငံတကာအာကာသယာဉ်စခန်းဆီ ဆိုယုဇ်အာကာသယာဉ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ

မော်စကို၊ မတ် ၁၅ ။      ။ ရုရှအာကာသယာဉ်မှူးတစ်ဦးနှင့် အမေရိကန်အာကာသယာဉ်မှူးနှစ်ဦးတို့ဟာ ဆိုယုဇ်အာကာသယာဉ်ပေါ် လိုက်ပါရင်း နိုင်ငံတကာအာကာသယာဉ်စခန်းဆီ သောကြာနေ့မှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့ပါပြီ။

နာဆာအာကာသယာဉ်မှူး နစ်ဟိတ်ချ်နဲ့ ခရစ္စတီနာကို့ရှ်ရယ်၊ ရုရှရဲ့ ရိုကိုမို့စ်အာကာသယာဉ်မှူး အလက်ဇေးအိုဗီချီနင်တို့ဟာ ကာဇက်စတန်မှာရှိတဲ့ ဘိုက်ကိုနော်အာကာသလွှတ်တင်ရေးစခန်းကနေ လွှတ်တင်တဲ့ ဆိုယုဇ်အာကာသယာဉ်နဲ့ လိုက်ပါလာခဲ့ကြတာပါ။

ခြောက်နာရီနီးပါး ပျံတက်မှုအပြီးမှာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၂၄၉ မိုင်ဝေးတဲ့ နိုင်ငံတကာအာကာသယာဉ်စခန်းနဲ့ အရှေ့တိုင်းစံတော်ချိန် ည ၉ နာရီ ၀၇ မိနစ်မှာ ချိတ်ဆက်မိခဲ့ပါတယ်။

၎င်းတို့သုံးဦးကို နိုင်ငံတကာအာကာသယာဉ်စခန်းမှာ SpaceX ရဲ့ Dragon အာကာသယာဉ်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ရောက်ရှိနေပြီးဖြစ်တဲ့ ရုရှအာကာသယာဉ်မှူး အိုလက်ကိုနွန်နန်ကိုရယ်၊ နာဆာက အန်နီမက်ကလိန််းရယ်၊ ကနေဒါအာကာသယာဉ်မှူး ဒေးဗစ်စိန့်ဂျက်ကီတို့ရယ်က ကြိုဆိုကြပါတယ်။

အခု ဆိုယုဇ်အာကာသယာဉ် လွှတ်တင်မှုဟာ ပြီးခဲ့တဲ့နှှစ် အောက်တိုဘာလအတွင်းက လွှတ်တင်မှု မအောင်မမြင်ဖြစ်ခဲ့ပြီး ငါးလအကြာမှာ ပြန်လည် လွှတ်တင်တာပဲ ဖြစ်ပါတယ်။ အဲဒီ မအောင်မြင်ခဲ့တဲ့ လွှတ်တင်မှုမှာ အာကာသယာဉ်ဟာ နှစ်မိနစ်ခန့် ပျံတက်ပြီး အာရုံခံဆင်ဆာစနစ် ချွတ်ယွင်းလို့ ပျက်ကျတာ ဖြစ်ပေမယ့် လိုက်ပါခဲ့တဲ့ အာကာသယာဉ်မှူး နှစ်ဦးစလုံး ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။

လွတ််မြောက်ခဲ့တဲ့ အာကာသယာဉ်မှူး နှစ်ဦးဖြစ်တဲ့ နစ်ဟိတ်ချ်နဲ့ အိုဗီချီနင်တို့ဟာ ခုတစ်ကြိမ်မှာလည်း ပြန်လည်လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဂြိုဟ်ပတ်လမ်း ဓာတ်ခွဲခန်းဖြစ်တဲ့ နိုင်ငံတကာအာကာသယာဉ်စခန်းဆီ အခု ရောက်ရှိနေတဲ့ အာကာသယာဉ်မှူး ခြောက်ဦးမှာ ယာဉ်မှူး လေးဦးက ၎င်းတို့ရဲ့ ပထမဆုံး အာကာသလမ်းလျှောက်မှုကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှှှစ်ကတည်းက လွှတ်တင်ထားတဲ့ နိုင်ငံတကာအာကာသယာဉ်စခန်းဟာ အမေရိကန်နဲ့ ရုရှတို့ရဲ့ ရှားရှားပါးပါး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ဧရိယာတစ်ခုဖြစ်ပြီး ကမ္ဘာကို တစ်နာရီမှာ အကြမ်းဖျင်း ကီလိုမီတာ ၂၈၀၀၀ နဲ့ ပတ်လမ်းအတိုင်း လည်ပတ်လျက် ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required