ဝန်ကြီးချုပ်ပြုတ်မည့်အရေး သရော်စာဖြင့် နိမိတ်ပြခဲ့သည့် အယ်ဒီတာ

By ဆွေဝင်း & ခင်မို့မို့လွင်
15 March 2019
ဝန်ကြီးချုပ်ပြုတ်မည့်အရေး သရော်စာဖြင့် နိမိတ်ပြခဲ့သည့် အယ်ဒီတာ

လွန်ခဲ့သည့် ရက်ပိုင်းက ရာထူးမှဖယ်ရှားခံလိုက်ရသော တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား ကျယ်လောင်သောဝေဖန်မှုများကို စတင်မွေးဖွားခဲ့သည်မှာ ထားဝယ်မြို့အခြေစိုက် အပတ်စဉ်ထုတ်ဖြစ်သည့် တနင်္သာရီတိုင်းဂျာနယ်ပင်ဖြစ်သည်။ ထိုဂျာနယ်က ၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် ထည့်သွင်းဖော်ပြခဲ့သော ဝန်ကြီးချုပ်ကိုသရော်သည့် “မဲဆွယ်အပြုံး” ဆိုသော ဆောင်းပါးတွင် “လျှပ်စစ်မီးစက်” ပြဿနာလည်း ပါဝင်သည်။ တိုက်ဆိုင်စွာပင် ဒေါက်တာလဲ့လဲ့မော်ကို အဂတိခြစားမှုဖြင့် အမှုဖွင့်ကြောင်း မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်သည့် အဂတိတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်တွင်လည်း ဒေသခံ Global Grand Services (GGS) လျှပ်စစ်ကုမ္ပဏီနှင့် စပ်လျဉ်းပြီး ကျပ်သန်း ၈,၀၀၀ ခန့် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးစေသော ကိစ္စတွင် ဝန်ကြီးချုပ်တာဝန်မကင်းဆိုသော စွပ်စွဲချက် ပါလာသည်။

သရော်စာဆောင်းပါးကို မကျေနပ်၍ ဝန်ကြီးချုပ်က ကိုယ်စားလှယ်ဖြင့် တရားစွဲခဲ့ရာ ရုံးတော်က ထိုအမှုတွင် အသက် ၃၄ နှစ်အရွယ် ဂျာနယ်အယ်ဒီတာချုပ် ကိုမျိုးအောင်အား ကျပ် ၅ သိန်း လွန်ခဲ့သည့်လက ပေးဆောင်စေခဲ့ပါသည်။ သတ်မှတ်သည့် ဒဏ်ကြေး ပေးဆောင်ခဲ့သော်လည်း ဝန်ကြီးချုပ်ဖမ်းဆီးခံရပြီး သုံးရက်မြောက်နေ့ မတ်လ ၁၄ ရက်နေ့တွင် ကိုမျိုးအောင်က မြို့နယ်တရားရုံး၏ စီရင်ချက်အမိန့်နှင့် ပတ်သက်ပြီး ခရိုင်တရားရုံးသို့ အယူခံတင်လိုက်ပြီဖြစ်သည်။ ဝန်ကြီးချုပ်၏ အဂတိစွပ်စွဲချက်များကို သရော်စာဖြင့် ရှေ့ဖြစ်ဟောနိုင်ခဲ့သူ တနင်္သာရီဂျာနယ်၏ အယ်ဒီတာချုပ် ကိုမျိုးအောင်အား ၎င်း၏ အမှုဖြစ်စဉ်၊ ဝန်ကြီးချုပ်နှင့် ဆက်ဆံခဲ့ရသည့်အတွေ့အကြုံများ၊ တနင်္သာရီတိုင်း၏ အထွေထွေနိုင်ငံရေးအခြေအနေများအား Myanmar Now က မေးမြန်းထားပါသည်။

မေး၊    ၊ ဝန်ကြီးချုပ်ကိုဖမ်းပြီဆိုတာ သိသိချင်း စိတ်ထဲကဘယ်လိုတုံ့ပြန်မိလဲ။  ဒါကိုရော ကြိုသတင်းရခဲ့လား။

ဖြေ၊    ၊ ကြိုမသိခဲ့ဘူး။ ကျွန်တော့်ဂျာနယ်ရုံးက ကျွန်တော့်ကို ဖုန်းဆက်တယ်။ ကော့သောင်းမှာ ဖမ်းလိုက်ပြီ ပေါ့။ ပုဂ္ဂလိက ခံစားချက်အရတော့ ဘာမှစိတ်ထဲမှာ ထူးထူးခြားခြားမရှိဘူး။ ဒါက ပြည်ထောင်စု အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်နိုင်တယ်။ ဒီဘက်က ပြည်သူတွေနဲ့ အတူပဲ ကျွန်တော်တို့က ကျေနပ်တဲ့ ခံစားမှုကို ခံစားရတာပေါ့။

မေး၊     ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ချက်အရ ဒေါက်တာလဲ့လဲ့မော်ကို အရေးယူတာနဲ့ ပတ်သက်ပြီး လေယာဉ်ကွင်းချုံရှင်းတာ၊ GGS ကိစ္စတွေ အဲဒါတွေ အကုန် တနင်္သာရီတိုင်းဂျာနယ်က ရေးခဲ့လား။

ဖြေ၊    ၊ တချို့ကို ရေးခဲ့တယ်။ ဥပမာ လေယာဉ်ကွင်းချုံရှင်းတာတွေ ကျွန်တော်တို့ တောက်လျှောက် ရေးခဲ့တယ်။ ဝန်ကြီးချုပ်ကို အင်တာဗျူးတာတွေ လုပ်ခဲ့တယ်။ စဖြစ်ကတည်းကလေ။ ဒီကြားထဲမှာ ဒေသခံတွေက အဂတိကော်မရှင်ကို အဲဒီကိစ္စ တစ်ခုတည်း တိုင်တာ ရှိခဲ့တယ်လေ။ GGS က ပေးရမယ့် အကြွေး ရှစ် ဘီလီယံ ကိစ္စတွေ ရေးခဲ့တယ်။ GGS နဲ့ သူ့ရဲ့ ကြားထဲက လုပ်ထုံးလုပ်နည်းကိစ္စတွေ ဥပမာ မြေကွက်လပ် စာချုပ်တို့။ အဲဒီထဲမှာ ကျွန်တော်တို့ မရေးလိုက်ရတဲ့ ကိစ္စက (ဝန်ကြီးချုပ်ပိုင်အိမ်) အုတ်တံတိုင်းကာတဲ့ ကိစ္စ။ နောက်တစ်ချက်က အဂတိတိုက်ဖျက်ရေးက ကြေညာချက်ထဲမှာပါသလို ဝန်ကြီးချုပ်ပိုင်တဲ့ သိန်း ၃၀၀ ကျော် အိမ်ကို GGS တာဝန်ရှိသူတစ်ယောက်ကို သိန်း ၂,၀၀၀ နဲ့ရောင်းလိုက်တဲ့ကိစ္စ၊ ဒါလည်းမရေးဖြစ်ခဲ့ဘူး။ ရေးဖို့က ကျွန်တော်တို့ ဘယ်လိုမှ လက်တံမမီဘူးဖြစ်နေခဲ့တယ်။ သူက ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံမျိုး လုပ်လိုက်တော့လေ။

မေး၊    ၊ အဲဒီကိစ္စကို တနင်္သာရီတိုင်းလို ဂျာနယ်မျိုးကလည်း မရေးနိုင်ဘူး။ ပြည်မလို ဂျာနယ်မျိုးကလည်း မရေးနိုင်ဘူး။ ဒါကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဘယ်လို သိပြီး အရေးယူလိုက်တာလဲ။ ဒါ အင်မတန်သိမ်မွေ့တဲ့ ကိစ္စကို။

ဖြေ၊     ၊ အဓိက တိုင်စာနဲ့ အစီရင်ခံစာဗျ။ ပါတီကို ထားဝယ်ဘက်နဲ့ မြိတ်ဘက်က လက်မှတ်ထိုး တိုင်တဲ့ လူဦးရေ ၁၀၀ ကျော် ရှိတယ်။ တိုင်စာ တစ်စောင် တက်တယ်။ လွှတ်တော်က အစီရင်ခံစာ တစ်စောင် တက်တယ်။ ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး တွေ့ရှိချက်များဆိုပြီး တစ်စောင်တက်တယ်။

မေး၊    ၊ အဂတိကော်မရှင်က အရေးယူတဲ့ထဲမှာ ဝန်ကြီးချုပ်အပါ လူလေးယောက် ပါတာပေါ့။ ဒီထဲမှာ ထူးထူးခြားခြား အရေးယူခံသင့်ရဲ့သားနဲ့ ကျန်ခဲ့တဲ့လူတွေရော သတိထားမိတာ ရှိလား။

ဖြေ၊    ၊ ကျွန်တော်အပါအဝင် တနင်္သာရီတိုင်းသားအချို့ တော်တော်များများ ခန့်မှန်းနေတာက ကနဦး သူတို့ကို စကိုင်တယ်ဆိုပြီး ထုတ်လိုက်တာပဲ ဖြစ်မယ်ပေါ့။ နောက်ထပ် တိုင်ထားတဲ့အုပ်စုတွေရော၊ ခုနက လွှတ်တော်ဘက်က လူတွေရော၊ ဒေသခံ သတင်းထောက်တွေရောက နောက်ထပ် ရှိလာဦးမယ်လို့ ကျွန်တော်တို့ တွက်ထားတယ်။ ကျွန်တော်တို့ သိထားသလောက်ရော လက်တွေ့အခြေအနေအရရော ဒီဟာတွေ အကုန်လုံးက ဝန်ကြီးချုပ်တစ်ယောက်တည်းနဲ့ ပြီးတဲ့ ကိစ္စ မဟုတ်ဘူးလေနော်။ ကြားထဲမှာ ပါဝင် ပတ်သက်တဲ့ ဟာတွေ ရှိဦးမှာပေါ့။ အားလုံးက အဲဒီလို တွက်ထားတယ်ဗျ။ ဘယ်လို လာဦးမလဲ မသိသေးဘူး။

မေး၊      ၊ ကိုမျိုးအောင်တို့ကရော ဝန်ကြီးချုပ်ကို သရော်စာရေးရတဲ့အဆင့်ထိ ဘယ်လိုရောက်ခဲ့တာလဲ။

ဖြေ၊    ၊ ဒီသရော်စာက လက်ရှိတိုင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအခင်းအကျင်း၊ လူထုကြားမှာ ဖြစ်နေတဲ့ ထောက်ပြဝေဖန်မှုတွေ၊ လူထုရဲ့ မကျေပ်နပ်မှုတွေ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့မှ ပုံစံတစ်မျိုးနဲ့ ဖော်ပြလိုက်တာပေါ့။ သတင်းအနေနဲ့ လျှပ်စစ်မီးကိစ္စဆိုလည်း ရေးတာ ရှိတယ်။ ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းအနေနဲ့ ရေးခဲ့တာတွေ ရှိတယ်။ အဲဒီဟာလေးတွေ အစာကောက်ပြီးတော့ ဇာတ်ကောင်တချို့ဖန်တီးပြီး သရော်စာလို ပုံစံတစ်မျိုးနဲ့ တင်ဆက်လိုက်တာပေါ့။

မေး၊    ၊ မဲဆွယ်အပြုံးသရော်စာနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ချက်တွေမှာ ဘာတွေ တိုက်ဆိုင်နေလဲ။

ဖြေ၊    ၊ အဂတိရဲ့ ထုတ်ပြန်ချက်နဲ့ တိုက်စစ်မယ်ဆို လျှပ်စစ်ကိစ္စတစ်ခု တိုက်တယ်။ ခြုံပြီးတော့ ကြည့်မယ်ဆို စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ကိစ္စလည်း ပါနေတာပေါ့။ သေချာတာတစ်ခုကတော့ (ဝန်ကြီးချုပ်ဟာ) ပါတီတွင်းမှာရော နိုင်ငံရေးဖြတ်သန်းမှုအရရော အဲဒီလောက် မကြီးမားခဲ့ဘူးဆိုတာတော့ သေချာတယ်။ ပါတီတွင်းမှာ သူ့ကို ဒီနေရာရောက်အောင် တွန်းပို့ပေးခဲ့တာမျိုး တွန်းပို့ပေးနိုင်စွမ်းလည်း ရှိခဲ့ပါတယ်။ အဲဒီဟာ လူတိုင်းတော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းမှာတော့ လူတိုင်းသိတဲ့ ဟာမျိုးပေါ့။ အသေးစိတ် ဘယ်တုန်းက ဝင်တယ်။ ဘယ်လိုဖြစ်တယ် စသဖြင့် အသေးစိတ်တော့ ကျွန်တော်လည်း မမှတ်မိဘူး။

မေး၊    ၊ ဒေါက်တာလဲ့လဲ့မော် ဦးဆောင်ခဲ့တဲ့ တနင်္သာရီတိုင်းအစိုးရကို ဒေသခံတွေက အဓိက ဘယ်အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိ ဖြစ်ခဲ့ကြတာလဲ။

ဖြေ၊     ၊ အဓိက စီမံခန့်ခွဲတာ မကျေနပ်ဘူး။ အဲဒီဟာကနေ ဆက်ပြီး အဂတိလိုဟာမျိုးတွေ စပြီးတော့ ကြုံလာရတဲ့ဟာကို မကျေနပ်ကြဘူး။ နောက် လူထုကို လေးလေးစားစား ဆက်ဆံတဲ့ပုံ မဟုတ်ဘူး။ လူထုတွေ့ဆုံပွဲတွေမှာ လူထုကို တစ်ခါတလေ ရန်တွေ့သလို၊ ရန်ပက်သလို ပြောတဲ့ကိစ္စတွေ လူထုက မကျေနပ်ကြဘူး။ အဲဒီသုံးချက်ကတော့ အဓိကပဲ။

မေး၊    ၊ အဂတိတိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မပါတဲ့ တနင်္သာရီဝန်ကြီးချုပ်ဟောင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ တခြား ဘာတွေရှိသေးလဲ။

ဖြေ၊    ၊ ရှိနိုင်သေးတယ်။ အဂတိက စစ်ဆေးတာက တိုင်စာတွေ လွှတ်တော်ရဲ့အစီရင်ခံစာတွေနဲ့ စစ်ဆေးတာကို။ ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်က စောင်းကောက်ကျွန်းလိုဟာမျိုးကို နီးစပ်ရာပေးဖို့ ပြောဆိုခဲ့တဲ့ ရုပ်သံဖိုင် အခုရက်ပိုင်းမှ တက်လာတာလေ။ ကျွန်တော်တော့ မသိလိုက်ဘူး။ အခုမှ သိတာ။ အဲလို ဟာမျိုးတွေက ရှိလာနိုင်တယ်။ သက်ဆိုင်ရာလူတွေ သူတို့ သိထားပြီးတော့မှ ပြောခွင့်မရလိုက်တာတွေ ရှိနေမယ်ထင်တယ်။

မေး၊    ၊ ခုသမ္မတကနေ တနင်္သာရီတိုင်း ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်လိုက်တဲ့ တိုင်းသယံဇာတဝန်ကြီး ဦးမြင့်မောင်နဲ့ ပတ်သက်ပြီးတော့ကော ဘာပြောချင်လဲ။

ဖြေ၊    ၊ ခေတ္တဝန်ကြီးချုပ်က ရိုးဂုဏ်ရှိတယ်။ မပြောင်းလဲသွားဘူးပေါ့လေ။ လူထုနဲ့ ထိစပ်မှု ရှိတယ်။ ပြည်သူလူထုနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိတယ်ပေါ့။ သယံဇာတနဲ့ ပတ်သက်ပြီး သတ္တုမိုင်းတွေ ကိစ္စ ကျပ်ကျပ်မတ်မတ် လုပ်လာနိုင်တယ်။ သတ္တုမိုင်းဆန့်ကျင်ရေးအဖွဲ့တွေ ဖွဲ့လာနိုင်တယ်။ သူကလည်း တတ်နိုင်သလောက် လုပ်မယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ သိထားရတယ်။  မြင်သာတာကတော့ မိုင်းကိစ္စ အရမ်းမြင်သာတယ်။ ကျေးရွာတွေမှာ မိုင်းဆန့်ကျင်ရေးအဖွဲ့တွေ ရှိလာတယ်။ မိုင်းကို ကျပ်ကျပ်မတ်မတ် ကိုင်တွယ်နိုင်လာတယ်။

မေး၊    ၊ မဲဆွယ်အပြုံးဆောင်းပါး စီရင်ချက်ကို အယူခံတက်လိုက်ပြီလို့ သိရတယ်။ တရားစွဲခဲ့တဲ့ ဝန်ကြီးချုပ်က အထဲရောက်သွားပြီဆိုတော့ အမှုက တစ်မျိုးတစ်မည် ပြောင်းပြီး ပြစ်ဒဏ် ပယ်ချ မလားလို့ မျှော်လင့်ထားတာ ရှိလား။

ဖြေ၊    ၊ အဲဒါက မမျှော်လင့်အပ်ဘူး။ သဘောတရားတစ်ရပ်က မဏ္ဍိုင်တွေက သူ့ဟာနဲ့သူ လွတ်လွတ်လပ်လပ် ရှိနေတယ် ဆိုတာက ရှိနေတယ်လေ။ ဝန်ကြီးချုပ်ကို အဂတိနဲ့ ဖမ်းလိုက်တဲ့ ကိစ္စ အမှုပေါ် ဘယ်လောက် သက်ရောက်လဲ၊ သက်ဆိုင်ရာ တရားရုံးက လက်ရှိနိုင်ငံရေး အခင်းအကျင်းကို သူ့ရဲ့စဉ်းစားချက်တွေထဲမှာ ဘယ်လောက်ထိ ထည့်သွင်းစဉ်းစားမလဲပဲ မူတည်ပါတယ်။ သဘောတရားအရတော့ သူ့ဘာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတာ ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ အဲဒီလောက် မမျှော်လင့်ထားဘူး။ မမျှော်လည်း မမျှော်လင့်အပ်ဘူး။

မေး၊    ၊ တနင်္သာရီတိုင်းမှာ မီဒီယာလွတ်လပ်ခွင့်တွေ ပိုပြီး ရေးရဲဖို့အတွက် အခြေအနေတွေ ပေါ်ပေါက်လာမလား။

ဖြေ၊     ၊ အရင်ကတည်းကလည်း ရေးနေတာပဲလေ။ ဒါကြောင့် ရေးသင့်ရေးထိုက်တဲ့ဟာ၊ ကျွန်တော်တို့ လက်တံတွေနဲ့ မီတဲ့ဟာတွေကို ရေးနေတာပဲလေနော်။ အပြောင်းအလဲ ရှိကောင်းရှိနိုင်တာက မီဒီယာနဲ့ အစိုးရနဲ့ ဆက်ဆံရေး အပြောင်းအလဲ ရှိနိုင်တာပဲ။ အရင်တုန်းကတော့ ဒီအမှု ဖြစ်ပြီးသွားတော့ ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့နဲ့ တိုက်ရိုက်အင်တာဗျူး မရတော့ဘူးလေ။ သူ့ကိုယ်ရေးအရာရှိကနေ ဖြေတာတို့၊ စာနဲ့ပဲ တစ်ဆင့် ဖြေတာတို့ အဲဒီလိုမျိုးတွေ ဖြစ်သွားတယ်။ လမ်းပေါ် ပွဲတွေမှာ ဆီးပြီး မေးမှပဲ။ မရှောင်နိုင်မှဘဲ ဖြေတာတို့ ဖြစ်သွားတယ်။ ရေးတာသားတာက အရင်ကတည်းက ရေးနေတာပဲ။ အခုလည်း အရင်တိုင်းပဲ ဆက်ရေးသွားမယ်။ ဒါက အပြောင်းအလဲ မရှိနိုင်ဘူး။ မီဒီယာနဲ့ တိုင်းအစိုးရအဖွဲ့နဲ့ ဆက်ဆံရေးကတော့ တစ်မျိုးတစ်ဖုံ ပြောင်းသွားမယ်လေ။ ဘယ်လိုလာမလဲတော့ မပြောတတ်သေးဘူး။ (လက်ရှိ) ဝန်ကြီးချုပ်က ဘယ်လောက်ထိ မီဒီယာပေါ်မှာ အလေးအနက်ထားမယ်၊ မီဒီယာရဲ့ စိတ်ဝင်စားမှု ဘယ်လောက်ထိ ရနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆက်ဆံရေးကတော့ ပြောင်းသွားမယ်။

မေး၊     ၊ ဖြည့်စွက်ပြီး ဘာပြောချင်သေးလဲဗျ။

ဖြေ၊    ၊ သက်ဆိုင်ရာ အစိုးရတွေ ၊ တရားရုံးတွေ အနေနဲ့ ကိစ္စရပ် တစ်ခုခုနဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါ တချို့ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း စဉ်းစား ဆုံးဖြတ်စေချင်တယ်။ ကျွန်တော့်အမှုလိုမျိုးဆို ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီး ရှိတာကိုး။ စာပေသဘောတရားပါတယ်၊ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ပါတယ်၊ မီဒီယာသဘောတရားပါတယ်။ အဲဒီလို သဘောတရားတွေကို ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထည့်သွင်းစဉ်းစားတာမျိုး မရှိဘူးလို့ တွေ့ရတယ်။ ကျွန်တော့်အမှုမှာဆို မြို့နယ်ရုံးရဲ့ဆုံးဖြတ်ချက်မှာပေါ့လေ။ အဲလိုမျိုး ထည့်သွင်း စဉ်းစားတဲ့ဟာမျိုးဆို ပိုကောင်းမယ်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly