ရုရှတိုက်ခို်က်မှု၏ ငါးရာခိုင်နှုန်းသာ အိုင်အက်စ်ပစ်မှတ်ကို ထိမှန်ဟု ဗြိတိန်ပြောကြား

ရုရှတိုက်ခို်က်မှု၏ ငါးရာခိုင်နှုန်းသာ အိုင်အက်စ်ပစ်မှတ်ကို ထိမှန်ဟု ဗြိတိန်ပြောကြား

လန်ဒန်၊အောက်တိုဘာ ၃ ။              ။ ဆီးရီးယားတွင် ရုရှ၏လေကြောင်းတိုက်ခိုက်မှု အကြိမ်၂၀တွင်မှ တစ်ကြိမ်သာ အိုင်အက်စ်တိုက်ခိုက်ရေးသမားများကို ထိမှန်သည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး မိုက်ကယ်ဖောလွန်းက အောက်တိုဘာ ၃တွင်ပြောကြားခဲ့သည်။

ရုရှ၏ လေကြောင်းတိုက်ခိုက်မှုများ၏ ငါးရာခိုင်နှုန်းသာ အိုင်အက်စ်တို့ကို တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအများစုမှာ အရပ်သားများနှင့် သမ္မတဘာရှားအယ်လ်အာဆတ်ကို တိုက်ခိုက်နေသော Free Syrian တပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိသျှထောက်လှမ်းရေးတပ်ဖွဲ့က သိရှိထားသည်ဟု ဖောလွန်းက the Sun သတင်းစာသို့ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ရုရှတို့ ဝင်ရောက်စွက်ဖက်လာခြင်းက အကျပ်အတည်းကို နောက်ထပ်ရှုပ်ထွေးစေမည်ဖြစ်ပြီး ဗြိတိန်အနေဖြင့်လည်း ကိုယ်ပိုင်စစ်ဆင်ရေးအနေဖြင့် ဆီးရီးယားသို့သွားကာ ဗုံးကြဲသင့်သည်ဟု ၎င်းကအကြံပြုခဲ့သည်။ လောလောဆယ် ဗြိတိန်သည် အီရတ်ရှိ အိုင်အက်စ်တို့ကိုသာ တိုက်ခိုက်နေသေးသည်။

"ကျွန်တော်တို့ မနက်တိုင်း တိုက်ခိုက်မှုပြုလုပ်တဲ့ နေရာတွေကို စစ်ဆေးလေ့လာနေပါတယ်။ တိုက်ခိုက်မှုအများစုကတော့ အိုင်အက်စ်တွေကိုတိုက်တာ လုံးဝမဟုတ်ပါဘူး"ဟု၎င်းက သတင်းစာသို့ ပြောကြားခဲ့သည်။" ကျွန်တော်တို့တွေ့ရှိရတဲ့ အထောက်အထားတွေအရတော့ သူတို့(ရုရှတွေ)ဟာ ပဲ့ထိန်းမပါတဲ့ဗုံးတွေကို အရပ်ဘက်ဧရိယာတွေပေါ်ချတယ်။ အရပ်သားတွေကို သတ်ဖြတ်တယ်။ နောက်ပြီး အဲဒီလိုဗုံးတွေကို အာဆတ်ကိုတိုက်နေတဲ့ Free Syrian တပ်ဖွဲ့ဝင်တွေပေါ် ကြဲချတယ်"

ရုရှက တိုက်ခိုက်မှုများပြုလုပ်နေသော်လည်း ဗြိတိန်အနေဖြင့်လည်း တိုက်ခိုက်မှုကိုချဲ့ထွင်သင့်ပြီး ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များကို မတိုက်ခြင်းက ကျင့်ဝတ်ပိုင်းအရ မှားယွင်းနေသည်ဟု ၎င်းကဆိုသည်။" ကျွန်တော်တို့ရဲ့ လမ်းတွေကို အန္တရာယ်ကင်းဖို့အတွက် ပြင်သစ်၊ သြစတြေးလျနဲ့ အမေရိကန်လေယာဉ်တွေအပေါ်မှာပဲ လွှဲထားလို့ မရပါဘူး"ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

ရုရှ၏ စစ်ရေးစွက်ဖက်မှုသည် အာဏာရှင် အာဆတ်ကို ထောက်ခံခြင်းသာဖြစ်ပြီး ကပ်ဘေးဒုက္ခဖြစ်လာရေးအတွက် ဖော်နည်းကားတစ်ခုသာဖြစ်သည်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အောက်တိုဘာ ၂ တွင် သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly