ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၁၁ ဦးတွင် အရပ်သား ၇ ဦးကို AA က ပြန်လွှတ်ပေးမည်

ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၁၁ ဦးတွင် အရပ်သား ၇ ဦးကို AA က ပြန်လွှတ်ပေးမည်

ရန်ကုန်၊ မတ် ၁၄ ။      ။ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် ၁၁ ဦးတွင် အရပ်သား ၇ ဦးပါဝင်နေပြီး ၎င်းတို့ကို မကြာမီရက်ပိုင်းအတွင်း ပြန်လွှတ်ပေး ရန်ရှိနေသည်ဟု AA အဖွဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မဇ္စျိမသို့ပြောသည်။

ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ပြန်ဆိုရွာတောင်ဘက်တွင် ဖြစ်ပွားခဲ့သော မတ်လ  ၉ ရက်နေ့ တိုက်ပွဲ၌ လက်နက်များနှင့်အတူ သုံ့ပန်း ၁၁ ယောက် ကို ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်ဟု AA အဖွဲ့ကထုတ်ပြန်ထားခြင်း လည်းဖြစ်သည်။

“ အဲဒီ ၁၁ ယောက်ကို စစ်ဆေးတဲ့အခါတော့ ၇ ယောက်ကနေပြီး အရပ်သားတွေလို့ သိရတယ်။ တပ်မတော် (စစ်တပ်ဟုပြော) မှာအလုပ် လုပ်တဲ့အရပ်သားတွေလို့ သိရပါတယ်။ အဲဒီ ၇ ယောက်ကိုတော့ မကြာခင်မှာ ပြန်လွှတ်ပေးဖို့ ရှိနေတယ် “ ဟု ဦးခိုင်သုခက ဆိုသည်။

အဆိုပါ သုံ့ပန်း ၁၁ ယောက်ကို ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးသိရှိချက်အရ အရပ်သားများကို ပြန်လွှတ်ပေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ တပ် (စစ်) ဘက်ကနေပြီးတော့ ၄ ယောက်ကိုတော့ ကျွန်တော်တို့ ဆက်ပြီးတော့ ထိန်းသိမ်းထားမယ် “ ဟု ဦးခိုင်သုခက မဇ္ဈိမသို့ မတ်လ ၁၅ ရက်နေ့တွင် ပြောသည်။

မတ်လ ၉ ရက်နေ့ တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး ဗျူဟာမှူး ယာယီအခြေစိုက်ခဲ့သော နေရာဖြစ်ကြောင်းလည်း AA က သတင်းထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ဖြေကြားခွင့်ရှိသော တပ်မတော်တာဝန်ရှိသူအချို့သို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း သတင်းရေးသားချိန် မတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအထိ အဆက်အသွယ် မရရှိခဲ့ပါ။

ဗျူဟာမှူးအခြေစိုက်ခဲ့သည်ဟု ဆိုသော ပလက်ဝမြို့နယ် ပီချောင်းဒေသကို AA က ဝင်ရောက်စီးနင်းခဲ့သည့် မတ်လ ၉ ရက်နေ့တွင်ပင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲစခန်းကိုလည်း ၎င်းတို့က တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ပွဲတွင်မူ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့ ၂၀၁၉ ဇန်နဝါရီလမှ စတင်ကာ တောက်လျှောက် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၃ လခန့်ကြာမြင့်နေပြီဖြစ်ကာ တိုက်ပွဲပေါင်း ၁၀၀ ကျော်ရှိပြီဟုလည်း သိရသည်။

ပထမ ကာလတွင် ပလက်ဝမြို့့နယ်ရှိ တောင်တန်းများပေါ်တွင်သာ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ယခု မတ်လအစောပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး မြို့နယ်တို့အထိ တိုက်ပွဲများ ပျံ့နှံ့ လာခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၁၂၀၀၀ ခန့်ရှိရာမှ ထပ်ဖြစ်လာသော တိုက်ပွဲများ၏ အခြေအနေ အလိုက် စစ်ဘေးရှောင်ဦးရေမှာ ထပ်တိုးလာဖွယ် ရှိနေသည်ဟု အကဲဖြတ်များက ဝေဖန်ထားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required