ရွှေစက်တော်ဘုရားပွဲကာလအတွင်း တာဝန်ထမ်းဆောင်သူများအား ကျပ်သိန်း ကိုးရာကျော်ထောက်ပံ့

ရွှေစက်တော်ဘုရားပွဲကာလအတွင်း တာဝန်ထမ်းဆောင်သူများအား ကျပ်သိန်း ကိုးရာကျော်ထောက်ပံ့

မကွေး၊ မတ်လ ၁၅ ။      ။ မကွေးတိုင်းဒေသကြီး၊မင်းဘူး/စကုမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ဝန်ထမ်း ၃၀၀ နီးပါးအတွက် တစ်နေ့လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ဘုရားဘဏ္ဍာမှ ကျပ် ၉၆၅ သိန်းကျော် ထောက်ပံ့ပေးထားကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကျင်းပလျှက်ရှိရာ ပွဲတော်ကာလအစမှ ဧပြီလ ၁၇ ရက်နေ့ ပွဲတော်ကာလအပြီးအထိ တာဝန်ထမ်းဆောင်လျှက်ရှိသော ဌာနဆိုင်ရာဝန်ထမ်း၂၁၉ ဦးနှင့် ကျန်းမာသန့်ရှင်းဝန်ထမ်း ၇၀ ဦး ရှိသည်။

" ပွဲတော်က ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၆၈ ရက်အထိ ကျင်းပနေပါတယ်၊ လာရောက်တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျန်းမာသန့်ရှင်းဝန်ထမ်းတွေအတွက် နေထိုင်စရာကို ဂေါပကအဖွဲ့က စီစဉ်ပေးထားပါတယ်၊ တာဝန်ထမ်းဆောင်နေကြတာက စုစုပေါင်း၂၈၉ ဦးအတွက် တစ်နေ့ ၅ ၀၀ ကျပ်နှုန်း ပွဲတော်အပြီးအထိ ဘုရားဘဏ္ဍာငွေကနေ ကျပ်သိန်း ၉၆၅ သိန်းကျော် ထောက်ပံ့တာ ဖြစ်ပါတယ်" ဟု မန်းရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးအောင်သိန်းက ပြောသည်။

ဘုရားတွင် မြန်မာနိင်ငံရဲတပ်ဖွဲ့မှ ၁၁၄ ဦး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ၁၅ ဦးနှင့် အရံမီးသတ်တပ်ဖွဲ့မှ ၄၅ ဦး၊ ကျန်းမာရေးအတွက် အလှည့်ကျ ဆရာဝန် ၁ ဦးနှင့်သူနာပြု ၂ ဦး၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ ၁၅ ဦး၊ တိုင်းရင်းဆေးဝန်ထမ်း ၈ ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်း၂ ဦး၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနမှ ဝန်ထမ်း ၁၀ ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၈ ဦး၊ ပွဲတော်သောင်ပြင်သန့်ရှင်းရေးအဖွဲ့ခေါင်းဆောင် ၄ ဦးနှင့် သန့်ရှင်းရေးလုပ်သား ၇၀ ဦးတို့ တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ယခင်နှစ်က တစ်ဦးလျှင် ကျပ် ၃၀၀၀ ထောက်ပံ့ပေးခဲ့ပြီး ယခုနှစ် ကျပ် ၅၀၀၀ တိုးမြှင့်ပေးခဲ့ကာ တိုင်းအစိုးရခွင့်ပြုချက်ဖြင့် ဖြစ်ကြောင်း ရွှေစက်တော်  ဂေါပကဥက္ကဋ္ဌထံမှ သိရသည်။

" ရက်ရှည်ကျင်းပရတဲ့ ပွဲတော်ဖြစ်တဲ့အတွက် သောင်ပြင်မှာ လုပ်ငန်းလာလုပ်ကြသူတွေ၊ ဘုရားဖူးလာပြည်သူတွေ စိတ်ချမ်းသာစွာ ဘုရားဖူးနိင်ရေး၊ လုံခြုံရေး၊ကျန်းမာရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ရပါတယ်၊ ဒါကြောင့် ဘုရားဘဏ္ဍာငွေကနေ သူတို့ ထောက်ပံ့ချီးမြှင့်ရတာပါ" ဟု ဥက္ကဋ္ဌ ဦးအောင်သိန်းက ပြောသည်။

မန်းရွှေစက်တော်ဘုရားကြီး၏ ဘဏ္ဍာငွေစုစုပေါင်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကျပ် သိန်းပေါင်း ၆၇၀၀၀ ကျော် ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့၊ ဘဏ္ဍာရေးမှူးထံက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required