ရွေးကောက်ပွဲ ရလဒ်ကို လေးစားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြော

ရွေးကောက်ပွဲ ရလဒ်ကို လေးစားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြော
Photo: AFP

ဘန်ကောက်၊ မတ် ၁၅ ။   ။ မတ် ၂၄ ရက်မှာ ကျင်းပမှာ ဖြစ်တဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲရဲ့ ရလဒ်ကို လေးစားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

ဘန်ကောက်မှာ ရင်းနှီးမြုပ်နှံသူတွေနဲ့ တွေ့ဆုံပွဲမှာ ချန်အိုချာက အခုလို ပြောတာဖြစ်ပြီး ဝေဖန်မှုတွေ ရှိနေတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေကိုလည်း ကာကွယ်ပြောဆိုပါတယ်။

သဘောထားကွဲလွဲသူတွေကို ဖိနှိပ်တဲ့ ဥပဒေလို့ ဝေဖန်ခံရတဲ့ အဲဒီ ဆိုင်ဘာလုံခြုံရေးဥပဒေကို ချန်အိုချာက ပြည်သူတွေကို စောင့်ကြည့် ထောက်လှမ်းဖို့မဟုတ်ဘဲ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ ပြဌာန်းထားတဲ့ ဥပဒေသာ ဖြစ်တယ်လို့ ချန်အိုချာက ပြောပါတယ်။

အခု ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လွတ်လပ်ပြီး တရားမျှတမှု ရှိမလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ထိုင်းရွေးကောက်ပွဲကောက်မရှင်ကို ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒေသတွင်း စောင့်ကြည့်လေ့လာသူတွေနဲ့ အနောက်နိုင်ငံတွေကတော့ လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး တောင်းဆိုတိုက်တွန်းလျက် ရှိနေပါတယ်။

၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အနောက်နိုင်ငံတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ထိုင်းစစ်အစိုးရကို ဖိအားပေးနေခဲ့တာပါ။ ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှုက နိုင်ငံတကာလက်ခံတဲ့ စံနဲ့ မပြည့်မီဘူးဆိုရင် ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်လာလိမ့်မယ်လို့လည်း အီးယူက သတိပေးထားပါတယ်။

အီးယူအနေနဲ့ ထိုင်းရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် လိုလားနေပေမယ့် ထိုင်းစစ်အစိုးရကတော့ နိုင်ငံခြားစောင့်ကြည့်လေ့လာသူတွေ မလိုဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly