နိုင်ငံခြားသို့ မြန်မာကော်ဖီတင်ပို့မှု တိုးတက်မှု ရှိလာ

နိုင်ငံခြားသို့ မြန်မာကော်ဖီတင်ပို့မှု တိုးတက်မှု ရှိလာ
Photo: EPA

မတ် ၁၄၊ ရန်ကုန် ။     ။ မြန်မာနိုင်ငံ၏ နိုင်ငံခြားသို့ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်တွေထက် ၂ ဆ၊ ၃ ဆ တိုးတက်လာကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း (ရန်ကုန်အစုအဖွဲ့ )၏ ဥက္ကဋ္ဌ ဦးမောင်မောင်မင်းဇင်က ပြောသည်။

“တိုးတက်လာတာ ကိန်းဂဏန်းတော့ သေချာမမှတ်မိဘူး။ ဒါပေမယ့် တိုးတက်မှုအရ ပြောရမယ်ဆိုရင် အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ အရင်၊ အရင်နှစ်တွေတုန်းကထက်ဆိုရင် ၂ ဆနီးပါး၊ ၃ ဆ နီးပါး တိုးတက်လာတယ်။ ဟိုးအရင်တုန်းကဆိုရင် ကော်ဖီကို တင်ပို့တယ်ဆိုတာ စျေးနှုန်းကောင်းကောင်း မရဘူး။ အခုကြတော့ စျေးနှုန်းကို နိုင်ငံတကာတန်းတူ ရတယ်။ တစ်ချို့ကော်ဖီတွေဆိုရင် နိုင်ငံတကာထက်ပိုပြီး ရတာတွေ ရှိတယ်” ဟု ၄င်းက ဆိုသည်။

မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ဉာဏ်ကြီးရှင်ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်း ရုံးချုပ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြည်သူများပါ ပါဝင်နိုင်သည့် ကော်ဖီအရည်အသွေး အကဲဖြတ်ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုထုတ်လုပ်မှုအခြေအနေသည် အခြေအနေကောင်း ဖြစ်လာပြီး ရလဒ်ကောင်းများ ရရှိလာပြီဖြစ်ကြောင်း ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီလုပ်ငန်း ဒါရိုက်တာ ဦးငွေထွန်းက ပြောသည်။

  “ကျွန်တော်တို့က ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်လို့ မြန်မာနိုင်ငံသည် အရမ်းကို အခြေအနေ ကောင်း ဖြစ်လာပါပြီဆိုတာ ပြချင်လို့လည်း ကျွန်တော်တို့ ဒီပွဲလေး လုပ်ဖြစ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမှတ် ၉ဝ ကျော် ရဖူးတဲ့ ကော်ဖီတစ်ခါမှ မထွက်ဖူးပါဘူး” ဟု ၄င်းက ပြောသည်။

ကော်ဖီအရည်အသွေးအကဲဖြတ်ပွဲတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်မှထွက်ရှိသည့် ကော်ဖီစေ့နမူနာ ၅ မျိုးကို စင်ကာပူနှင့် ဟောင်ကောင်တို့မှ အကဲဖြတ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမှ ကော်ဖီမြည်းစမ်းမှု ကျွမ်းကျင်သူများက အကဲဖြတ်ခဲ့ကြသည်။

ယနေ့ အကဲဖြတ်ပွဲတွင် Geisha၊ Pink Bourborn၊ Yellow Cattura၊ Red Cataui နှင့် Saramon စသည့် ကော်ဖီ ၅ မျိုးကို အကဲဖြတ် ခဲ့ပြီး Geisha မျိုးသည် အမှတ် ၉ဝ ကျော် ရရှိကာ အထူးတန်းဝင်ကော်ဖီအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံမှထွက်ရှိသော ကော်ဖီများသည် ကော်ဖီအဆင့်သတ်မှတ်ချက် အမှတ် ၈ဝ နှင့်အထက်တွင် ရှိပြီး အမေရိကန်၊ ကနေဒါ၊ ဂျပန်နိုင်ငံသို့ အဓိကတင်ပို့နေပြီး လက်ရှိတွင် နိုင်ငံခြားတင်ပို့မှုလည်း တိုးတက်နေလျှက် ရှိကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly