ပုဒ်မ ၄၃၆ သည် တံခါးအားလုံးဖွင့်မည့် သော့တစ်ပေါက်ဟု ဦးမင်းကိုနိုင်ပြော

ပုဒ်မ ၄၃၆ သည် တံခါးအားလုံးဖွင့်မည့် သော့တစ်ပေါက်ဟု ဦးမင်းကိုနိုင်ပြော
ဓာတ်ပုံ - EPA

ရန်ကုန်၊ မတ်လ ၁၄ ။               ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခွင့်ထူးခံထားသည့် အချက်များကို ပြင်ဆင်မည်ဆိုပါက ပုဒ်မ- ၄၃၆ သည် တံခါးအားလုံးဖွင့်မည့် သော့တစ်ပေါက်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင် က ပြောဆိုလိုက်သည်။

" ကျွန်တော်တို့ဘက်ကတော့ အခွင့်ထူးခံထားတာတွေကို ပြင်ချင်တယ်။ ကိုယ်မဟုတ်တာလုပ်ထားလို့ရှိရင် အဲဒါကို အကာအကွယ်ယူထားတာမျိုးကို လက်မခံဘူး။ အဲဒီတော့ ဘယ်သူမဆိုအခွင့်ထူးမခံနဲ့။ အဲဒါမျိုးကို တော့ ကျွန်တော်ပြင်ချင်တယ်။ ကောင်းပြီ။ အဲဒီဟာတွေ ပြင်ဖို့ အတွက်ကိုတော့ ကျွန်တော်တို့ အရင်ဆုံး ကြိုးစားခဲ့တာ ဟုတ်တယ်။ ၄၃၆ ကို ကျွန်တော်တို့ ပြင်ဖို့ကြိုးစားခဲ့တယ်။ အဲဒီဟာက တံခါးအားလုံးကို ဖွင့်မယ့် သော့တစ်ပေါက်ပေါ့ဗျာ"ဟု ဦးမင်းကိုနိုင်က ပြောသည်။

မတ်လ ၁၃ ရက်၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သော စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၁)နှစ်ပြည့် အခမ်းအနားတွင် မီဒီယာများမေးမြန်းမှုကို ဦးမင်းကိုနိုင်က ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“ ဒါပေမယ့် အခုဟာက လွှတ်တော်ထဲမှာ ပြင်ဖို့ ကြိုးစားမယ်ပြောတယ်။ ပြည်သူလူထုကနေပြီးတော့ ရပ်ထဲရွာ ထဲကနေပြီး ဒါကို ပြင်သင့်တယ်ဆိုပြီး ဝိုင်းပြီးတော့ ပြောတယ်။ အဲ့ဒီတော့ နောက်ဆုံးအခြေအနေက ဘာဖြစ် သွားလည်းဆိုတော့ ပြင်ဖို့ကိစ္စကို မငြင်းဘဲနဲ့ ဘယ်ဟာကို ပြင်မယ်ဆိုတဲ့ အပိုင်းဘက်ကို ရောက်သွားတာပဲ။ ကျွန်တော်ကတော့ ဒီလွှတ်တော်ထဲမှာ အခုကြိုးစားနေတဲ့ ပြင်ဆင်ရေးကော်မတီရဲ့ နောက်ဆုံး အဆုံးသတ် ပေါ့ဗျာ၊ အဲ့ဒီကြေညာချက်မျိုးကို ကျွန်တော်ပိုပြီးတော့ ကြည့်ချင်တယ်။ အဲ့ဒီဟာမျိုးကတော့ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ရော၊ ဒီနိုင်ငံရေးမှာ တက်တက်ကြွကြွနဲ့ တာဝန်ကြီးကြီးယူပြီးတော့ လုပ်လာတဲ့သူတွေရော၊ အဲ့ဒီမှာ အားစိုက်ပြီးတော့ လိုက်ရမယ်လို့ ကျွန်တော်နားလည်ထားတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်က ပြောသည်။

၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့်လည်း ယခင်အစိုးရလက်ထက်က အမျိုးသား ဒီမျိုးကရေစီအဖွဲ့ချုပ်(NLD) ပါတီဖြင့် ပူးပေါင်းပြီး ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက်ခံမှုများ ပြုလုပ်ခဲ့ရာ လက်မှတ် ၅ သန်းကျော်အထိ ရရှိခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မ- ၄၃၆ (က)မှာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂)ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း(၄) ပုဒ်မ ၇၄ မှ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင် ရမည်” ဟု ပါရှိသည်။

၄၃၆ (ခ)မှာ ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly