တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မည်ဟု ပြောဆိုကာ မီးရှို့ခဲ့သူကို အမှုဖွင့်

တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မည်ဟု ပြောဆိုကာ မီးရှို့ခဲ့သူကို အမှုဖွင့်

မကွေး၊ မတ်လ ၁၄ ။           ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မည်ဟု အော်ဟစ်ပြောဆိုကာ နေအိမ်ခြံစည်းရိုးကို မီးရှို့ခဲ့သူတစ်ဦးအား မတ်လ ၁၃ ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့ ဘဲဆိပ်ကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာတွင် မတ်လ ၁၃ ရက်နေ့က မောင်ဇော်မိုးဝင်း (၃၇) နှစ်သည် ၎င်း၏နေအိမ်၌ အရက်သောက်စား၊ မူးယစ်ကာ ဇနီးဖြစ်သူ မချောနှင့် စကားများပြီး၊ကိုင်း ပင်များဖြင့် ကာရံထားသော ခြံစည်းရိုးအား နေအိမ်မြောက်မှစတင်၍ တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မည်ဟု အော်ဟစ်ပြောဆိုကာ မီးရှို့ခဲ့သည်။

မီးရှို့မှုကြောင့် ခြံစည်းရိုးပေ ၆၀ ခန့်မှာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ထိုမှတဆင့် အိမ်နီးချင်းဖြစ်သူ ဦးကြည်ခင်(၄၂)နှစ်၏ နေအိမ်ခြံစည်းရိုးအစပ်ထိ မီးလောင်ကျွမ်းခဲ့ရာ ရွာသူ/သား ၃၀ ဦးခန့်က ဝိုင်းဝန်း၍ မီးငြိမ်းသတ်ခဲ့ရကြောင်း ရဲစခန်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကြည်ခင်က တရားလိုပြုလုပ်၍ ညောင်လှနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ညောင်လှနယ်မြေရဲစခန်းမှ (ပ)/အမှတ် ၄၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly