မလေးရှားမှာ အဆိပ်သင့် စွန့်ပစ်အမှိုက်တွေ မြစ်ထဲ စုပုံရာမှ လူရာပေါင်းများစွာ နာမကျန်းဖြစ်ပြီး စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထား

မလေးရှားမှာ အဆိပ်သင့် စွန့်ပစ်အမှိုက်တွေ မြစ်ထဲ စုပုံရာမှ လူရာပေါင်းများစွာ နာမကျန်းဖြစ်ပြီး စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထား

ကွာလာလမ်ပူ၊ မတ် ၁၄ ။             ။ မလေးရှားနိုင်ငံမှာ မြစ်တစ်မြစ်အတွင်း အဆိပ်သင့်အမှိုက်တွေ စုပုံရာကနေ ကလေးငယ်တွေအပါအဝင် လူရာပေါင်းများစွာ နာမကျန်းဖြစ်ပြီးနောက် စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ပိုင်း ဂျိုဟောပြည်နယ်မှာ လော်ရီကားတစ်စီးကနေ အမှိုက်တွေ မြစ်ထဲ စွန့်ပစ်ခဲ့တာ ဖြစ်ဖွယ်ရှိပြီး ဝန်းကျင်တစ်ဝိုက် ဧရိယာတော်တော်များများမှာ အန္တရာယ်ရှိ အခိုးအငွေ့တွေ ဖြစ်ပေါ်ပြီး လူတော်တော်များများ ပျို့တာ၊ အန်တာတွေ ခံစားဖြစ်ပေါ်ခဲ့ရပါတယ်။

ကျောင်းသားကျောင်းသူအများဆုံးပါတဲ့ လူ ၅၀၀ ကျော်ထက်မနည်း အဆိပ်ငွေ့တွေ ရှုရှိုက်မိကြလို့ ကုသစောင့်ရှောက်ပေးရသလို လူ ၁၆၀ ကျော်ကို ဆေးရုံတင်ပို့ ကုသပေးနေရကြောင်း နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြပါတယ်။

ပါဆာဂူဒန်စက်မှုမြို့နားမှာ ခုလို အဆိပ်ငွေ့တွေ ထွက်ပေါ်တာဖြစ်ပြီး ဘယ်လို အဆိပ်သင့်တဲ့ ဓာတ်ငွေ့အမျိုးအစားဆိုတာ သေချာ မသိကြရသေးပါ။

ဗုဒ္ဓဟူးနေ့မှာ စာသင်ကျောင်း ၄၃ ကျောင်းကို ပိတ်ထားရန် ပညာရေးဝန်ကြီး မာဇစ်လီမာလစ်က ညွှန်ကြားချက် ထုတ်ခဲ့ပြီးနောက် နောက်ပိုင်းမှာ ထပ်ပြီး ပိတ်ခိုင်းရတဲ့ စာသင်ကျောင်း အရေအတွက်က နှစ်ဆကျော် မက တိုးများလာခဲ့တာ ဖြစ်ပါတယ်။

“ပါဆာဂူဒန်ဧရိယာ တစ်ဝိုက်က စာသင်ကျောင်း ၁၁၁ ကျောင်းစလုံးကို ပိတ်ထားဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

ဒီလို အဆိပ်သင့်အမှိုက်တွေ စွန့်ပစ်တာနဲ့ ပတ်သက်ပြီး လူသုံးဦးကို အစောပိုင်းမှာပဲ ဖမ်းဆီးထားပါတယ်။ သူတို့အနက်ကမှ တစ်ဦးကို တရားရုံးတင် စွဲဆိုဖို့ ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ချိုးဖောက်တဲ့ အပြစ်ရှိကြောင်း တွေ့ရှိရင် ထောင်ဒဏ် ငါးနှစ်အထက် ကျခံရမှာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly