ရွိုင်ရယ်သန်လျင်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့အား ဒဏ်ကြေးငွေကျပ် ၅ သိန်းစီ ချမှတ်

ရွိုင်ရယ်သန်လျင်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့အား ဒဏ်ကြေးငွေကျပ် ၅ သိန်းစီ ချမှတ်

မတ်လ ၁၄ ။          ။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း အပိုဒ်(၆-င) အရ ရွိုင်ရယ်သန်လျင်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့အား ဒဏ်ကြေးငွေကျပ် ၅ သိန်းစီ အသီးသီး  ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

MPT Myanmar National League (U-20) 2019 ပြိုင်ပွဲဝင် ရွိုင်ရယ်သန်လျင်အသင်းနှင့်၂၀၁၉ ဗိုလ်ချုပ် အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲဝင် ကချင်ယူနိုက်တက်အသင်းတို့အား ယှဉ်ပြိုင်ရန် ပေးပို့ထားသည့် စာရင်းအရ ပျက်ကွက်မှုများအပေါ် အရေးယူခဲ့ခြင်း ဖြစ်သည်။

ရွိုင်ရယ်သန်လျင်အသင်းမတ်လ ၁၀ ရက်က ပဒုမ္မာကွင်း၌ ကျင်းပသည့် ပွဲစဉ်အမှတ်(၁၃) ISPE FC – Royal Thanlyin FC အသင်းတို့ ပွဲစဉ်တွင် အုပ်ချုပ်မှုအဖွဲ့ဝင် (၁) ဦး၊ ကစားသမား (၁၄) ဦး(စာရင်းပါ ၁၅ ဦးအနက်) တစ်ဦး ပျက်ကွက်ဖြင့် ပြိုင်ပွဲဝင်ခဲ့သည့်အပေါ် ပြစ်ဒဏ်ချမှတ် အရေးယူခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲဝင် ကချင်ယူနိုက်တက်အသင်းကို ဒဏ်ကြေးငွေကျပ် ၅ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး မတ်လ ၁၃ ရက်က သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည့် ပွဲစဉ်အမှတ်(၁) ကချင် ယူနိုက်တက်နှင့် မြဝတီအက်ဖ်စီအသင်းတို့ ပွဲစဉ်တွင် ကချင်ယူနိုက်တက်အသင်းသည် အုပ်ချုပ်မှု အဖွဲ့ဝင် ၂ ဦး၊ ကစားသမား ၁၈ ဦး (စာရင်းပါ ၂၃ ဦး) အနက်မှ အုပ်ချုပ်မှုအဖွဲ့ဝင် ၃ ဦး ပျက်ကွက်ဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည်။

ထို့ကြောင်႔ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း MNL I & II Regulations 2019 အပိုဒ်(၆-င) အရ လည်းကောင်း၊ General Aung San Shield 2019 အပိုဒ်(၆-င) အရလည်းကောင်း၊ ရည်ညွှန်းချက်ပါစာဖြင့် ထပ်မံညွှန်ကြားထားသည့်ကြားမှ ပျက်ကွက်ခဲ့ခြင်းအတွက် လည်းကောင်း ရွိုင်ရယ်သန်လျင်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ကို ပထမဆုံးအကြိမ်အဖြစ် ဒဏ်ကြေးငွေကျပ် ၅၀၀,၀၀၀ ပေး ဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့ပြင်  အလားတူကိစ္စရပ်များ မဖြစ်ပေါ်စေရန် အသင်းဥက္ကဋ္ဌနှင့်အသင်းတာဝန်ရှိသူများက သေချာကြပ်မတ် ဆောင်ရွက်သွားရန် အသိပေးအကြောင်းကြားခဲ့သည်ဟု မြန်မာနေရှင်နယ်လိဂ်မှ မတ်လ ၁၄ ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly