ဂိုးသမား၏ ဦးခေါင်းကို ကန်ခဲ့သည့် ဘောလုံးသမားအား ပြစ်ဒဏ်ချမှတ်

ဂိုးသမား၏ ဦးခေါင်းကို ကန်ခဲ့သည့် ဘောလုံးသမားအား ပြစ်ဒဏ်ချမှတ်
မတ်လ ၉ ရက်နေ့က ဘောလုံးပွဲမစတင်မီ။ ဓာတ်ပုံ- ဆောက်သမ်းမြန်မာအသင်း

မတ်လ ၁၄ ။      ။ မြန်မာနေရှင်နယ်လိဂ်ယူ-၂၁ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ခုတွင် ဂိုးသမားဦးခေါင်းကို ကန်ခဲ့သော ဘောလုံးသမားတစ်ဦးအား ၂ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ကျပ် တစ်သိန်း ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က MPT Myanmar National League (U-21) 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်အမှတ် (၃၆)အဖြစ် စလင်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ဆောက်သမ်းမြန်မာနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ပွဲကစားချိန် (၉၀+၃) မိနစ်တွင် ဆောက်သမ်းမြန်မာအသင်း ဂိုးသမားနှင့် ရန်ကုန်ယူနိုက်တက် အသင်းမှ ကျောနံပါတ် ၂၇ နိုင်မင်းသူတို့ ဘောလုံးယှဉ်လုစဉ် လဲကျနေသည့် ဆောက်သမ်းမြန်မာအသင်း ဂိုးသမား ဦးခေါင်းကို နိုင်မင်းသူက ကန်လိုက်သဖြင့် ဒိုင်လူကြီးမှ အနီကဒ်ပြ ထုတ်ပယ်ခဲ့သည်။

ထို့နောက် နိုင်မင်းသူ၏ အပြုအမူအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အရေးယူပေးပါရန် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပရေးမှ တင်ပြလာခဲ့သည့်အတွက် ယနေ့ မတ်လ ၁၄ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ကာ အရေးယူရန် ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် ၂၇ နိုင်မင်းသူအား MPT Myanmar National League (U-21) 2019 ပြိုင်ပွဲကျင်းပရေးစည်းမျဉ်း စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁)အရ အနီးစပ်ဆုံး(၂)ပွဲ ကွင်းအတွင်း ဝင်ရောက်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ၁၀၀,၀၀၀ ပေးဆောင်ရန်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် တာဝန်ကျဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ ရုပ်သံမှတ်တမ်းများကို ပြန်လည်ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီး အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly