ပုဒ်မ ၅၉(စ) ပယ်ဖျက်ရန် အာဏာရပါတီ NLD က အဆိုပြု

ပုဒ်မ ၅၉(စ) ပယ်ဖျက်ရန် အာဏာရပါတီ NLD က အဆိုပြု
ဖေဖော်ဝါရီ ၂၇ ရက်နေ့က  ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ- EPA

နေပြည်တော်(မတ်လ ၁၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန် ကန့်သတ်ထားသည်ဟု လူအများက ယုံကြည်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ရန် မတ်လ ၁၄ ရက် ယနေ့ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးတွင် အာဏာရ NLD ပါတီက အဆိုပြုတင်ပြထားသည်ဟု သိရသည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမတွင် မတ်လ ၁၄ရက်၊ မွန်းလွဲပိုင်းက ၃နာရီနီးပါးကြာ ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်း အဝေး (၆/၂၀၁၉)တွင် ပုဒ်မ ၅၉(စ)အား ပယ်ဖျက်ရန် NLD က အဆိုပြုလိုက်ခြင်းဖြစ်သည်ဟု  ပူးပေါင်း ကော်မတီဝင်တစ်ဦးက အစည်းအဝေးအပြီးတွင် အတည်ပြုသည်။

 “ ပုဒ်မ၅၉(စ)ကို ဖျက်ထားတယ်။ NLD ပါတီက” ဟု အမည်မဖော်လိုသည့် အဆိုပါ ပူးပေါင်းကော်မတီ အဖွဲ့ဝင် က ပြောသည်။

ယနေ့ ကျင်းပသည့် ပူးပေါင်းကော်မတီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အခန်း ကဏ္ဍနှင့်ပတ်သက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အခန်း(၃)ကို ဆွေးနွေးပြီးဖြစ်ကာ NLD အနေဖြင့် ပုဒ်မခွဲ ၃ ခုကို ပြင်ဆင်ချက် တင်ထားသည်ဟု အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်က ဆိုသည်။

ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ NLD၏ သဘောထားကို မဇ္ဈိမအပါအဝင် သတင်းထောက်အချို့က မေးမြန်းရာတွင် “၅၉(စ)ကတော့ ပါသင့်၊ မပါသင့်နဲ့ ပါနိုင်၊ မပါနိုင် မင်းတို့ စဉ်းစားကြည့်လို့ ရပါတယ်” ဟု ဦးအောင်ကြည်ညွှန့်က ပြောသည်။

သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ရှိသူ၏ အရည်အချင်းကန့်သတ်ချက်များနှင့် ပတ်သက်၍ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃)၊ ပုဒ်မ(၅၉)(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်း ကောင်း၊ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ သားသမီး၏ ဇနီး/ခင်ပွန်းသည် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ”ဟု ပါရှိသည်။

အဆိုပါ ပုဒ်မ ၅၉(စ)အပါအဝင် အခရာကျသည့် ပုဒ်မအချို့ကို ပြင်ဆင်လိုလျင် ပြည်ထောင်စုလွှတ်တော် အမတ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟုလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် အဆိုပါ ပုဒ်မ ၅၉(စ)နှင့်ပတ်သက်ပြီး ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းမရှိဘဲ လွှတ်တော်နှင့် သမ္မတအရေအတွက်ကိုသာ ပြင်ဆင်ချက် တင်သွင်းထားကြောင်း ပူးပေါင်းကော်မတီဝင်ဖြစ်သူ ပေါက်တောမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ဇံက ပြောသည်။

“လွှတ်တော်သုံးရပ်မှာ ပြည်ထောင်စုကို ဖြုတ်လိုက်တယ်။ သမ္မတသုံးယောက်မှာ ဒုသမ္မတတစ်ယောက်ကို ဖြုတ်လိုက်တယ်။ အဲ့တော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကတင်တဲ့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေး။ သမ္မတတစ်ယောက်၊ ဒုသမ္မတတစ်ယောက်ကျန်မယ်။ ဒီသဘောပဲ” ဟု ၎င်းက ဆိုသည်။

လွှတ်တော်အမတ် ၄၅ ဦးဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက လက်ရှိအချိန်ထိ အခန်း ၁၊ ၂၊ ၃ ဆွေးနွေးပြီးဖြစ်သော်လည်း တပ်မတော်အစုအဖွဲ့နှင့် အတိုက်အခံ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များက ပြင်ဆင်ချက် တစ်စုံတစ်ရာ တင်ပြထားခြင်းမရှိသေးကြောင်းလည်း ဦးအောင်ကျော်ဇံက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပူးပေါင်းကော်မတီသည် ဥပဒေနှင့်မညီသောကြောင့် ကော်မတီတွင် တစ်စုံတရာ ဝင်ရောက်ဆွေးနွေးမည်မဟုတ်ဟု ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက မှတ်ချက်ပြုသည်။

“ကိုယ်တို့ ဘာမှ ဝင်မဆွေးနွေးဘူး။ အဲ့ဒီဟာနဲ့ပတ်သက်လို့ သူတို့အစီအစဉ်နဲ့သူတို့ လုပ်နေတာပဲလေ။ ဒီလုပ်ဆောင်ချက်ကြီးက တရားမျှတမှုမရှိဘူး။ ဥပဒေနဲ့မညီဘူးလို့ ပြောထားပြီးပြီ။ အဲ့တော့ ဒီအပေါ်မှာ ဝင်ဆွေးနွေးရင် ကိုယ်တို့လည်း ဥပဒေနဲ့မညီတဲ့သဘောဖြစ်သွားမှာပေါ့” ဟု ဦးသောင်းအေးက မဇ္ဈိမကို ပြောသည်။

 ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍လည်း “လွှတ်တော်မှာ အဲ့ဒီ ၅၉(စ)ကို တင်လာခဲ့လိုက်၊ ရတယ်။ တရားဝင် လမ်းကြောင်းပေါ်ရောက်လာရင် တရားဝင် ဆွေးနွေးပေးမယ်။ အခုကတော့ ဘာမှမပြောလိုပါဘူး” ဟု ၎င်းက ဆိုသည်။

 ပူးပေါင်းကော်မတီအနေဖြင့် အခန်းပေါင်း ၁၅ ခန်းပါရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ငါးလအတွင်း အပြီးသတ် ဆွေးနွေးပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတစ်စောင် တင်ပြရန် လျာထားသည်။ ထို့နောက် အစီရင်ခံစာကို ဆွေးနွေးအတည်ပြုပြီးနောက် ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ဆက်လက်ရေးဆွဲမည် ဖြစ်သည်။

ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “ဒီနေ့ အခန်း ၃ ကို ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့အခါ တူတာလေးတွေ စုစည်းတယ်။ မတူတာလေးတွေကျတော့ လွှတ်တော်ထဲမှာ တွဲပြီးတော့ ဖော်ပြသွားမှာပါ” ဟု အစည်းအဝေးအပြီးတွင် ပြောသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required