ဒေါက်တာလဲ့လဲ့မော်ကို တရားရုံးက အမိန့်ချပြီးမှသာ ပါတီက အရေးယူ၊မယူ ဆုံးဖြတ်မည်

ဒေါက်တာလဲ့လဲ့မော်ကို တရားရုံးက အမိန့်ချပြီးမှသာ ပါတီက အရေးယူ၊မယူ ဆုံးဖြတ်မည်
ဓာတ်ပုံ- EPA

မန္တလေး၊ မတ် ၁၄ ။      ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို တရားရုံးက အမိန့်ချမှတ်ပြီးမှသာ NLD ပါတီအနေဖြင့် အရေးယူသင့်၊မယူသင့် ဆုံးဖြတ်သွား မည်ဟု NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သော ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမကိုပြောသည်။

"ပါတီက အရေးယူပြီဆို သတင်းစာရှင်းလင်းပွဲတွေ ဘာတွေလုပ်မှာပါ။သူ့မှာလည်း ခုခံပိုင်ခွင့်ရှိသေးတယ်။ဒါက အဂတိနဲ့ငြိတယ်ဆိုပြီး အဂတိက ဆွဲထားတာ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းဖို့ သူ့မှာ အခွင့်အရေးရှိသေးတယ်။ အဲဒါကြောင့် ကျန်တာတွေ ကျွန်တော်က ကြိုမပြောတာ။တရားရုံး အမိန့်ချမှတ်ပြီးပြီဆိုမှ ပါတီက စဉ်းစားမှာ ပေါ့။"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ဒေါက်တာ လဲ့လဲ့မော်အား စတင်တိုင်ကြားစဉ်ကပင် ပါတီသို့တိုင်ကြားခဲ့ကြခြင်းဖြစ်ပြီး ပါတီမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို လွှဲပြောင်းပေးခဲ့သည်ဟု ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

"ပထမဆုံးစာ စတင်တာ ပါတီကိုပေါ့။ဒါပေမယ့် အဂတိကို လွှဲလိုက်တာပဲ။အဂတိက ဆက်လက် ဆောင်ရွက် တာပေါ့။ ပါတီကနေ ကျွန်တော်တို့က ဘာမှကြိုပြောလို့မရဘူး။ဘာဖြစ်လို့လည်း ဆိုတော့ ပါတီကပြောလိုက်တဲ့ ဟာက သက်ရောက်မှုက အများကြီး ရှိသွားနိုင်တယ်။"ဟုဒေါက်တာ ဇော်မြင့်မောင်က ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်က တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အပါအဝင် Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခံခဲ့ရခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များအရ တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ၎င်း GGS ကုမ္ပဏီမှMD ဦးသိန်းထွေး၊ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း သီးခြားပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု ၄ မှုခွဲ၍ အရေးယူဆောင်ရွက်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required