ဖွဲ့စည်းပုံပြင်ဆင်ရေးကို သဘောထားကြီးခြင်း၊ အမြော်အမြင်ကြီးခြင်းများနှင့် အပြုသဘောဆောင်ပြီး ဆွေးနွေး ညှိနှိုင်းပြင်ဆင်ရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးကို သဘောထားကြီးခြင်း၊ အမြော်အမြင်ကြီးခြင်းများနှင့် အပြုသဘောဆောင်ပြီး ဆွေးနွေး ညှိနှိုင်းပြင်ဆင်ရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
ဓာတ်ပုံ-ပြည်သူ့လွှတ်တော်

နေပြည်တော်၊ မတ် ၁၄ ။          ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ကိစ္စကို ဘက်စုံထောင့်စုံ ရှုမြင်သုံးသပ်ပြီး ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တာတွေကို သဘောထားကြီးခြင်း၊ အမြော်အမြင်ကြီးခြင်းများနှင့် အပြုသဘောဆောင်ပြီး ဆွေးနွေးညှိနှိုင်း ပြင်ဆင်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၂၅) ရက်မြောက်နေ့တွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

“ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စကိုလည်း ဘက်စုံထောင့်စုံကနေ ရှုမြင်သုံးသပ်ပြီး ပြင်ဆင်သင့်၊ ပြင်ဆင် ထိုက်တာတွေကို သဘောထားကြီးခြင်း၊ အမြော်အမြင်ကြီးခြင်းတွေနဲ့ အပြုသဘောဆောင်ပြီး ဆွေးနွေးညှိနှိုင်း ပြင်ဆင်နိုင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ဦးတီခွန်မြတ်က ပြောသည်။

 လွှတ်တော်သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်၊ ဒီမိုကရေစီ၏ ပြယုဂ်၊ ဒီမိုကရေစီ၏ လက္ခဏာရပ်ဖြစ်ကြောင်း ဒီမိုကရေစီစနစ် ပီပြင်ရေးအတွက် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း လွှတ်တော်များ ခိုင်မာအားကောင်းမှသာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု ပိုမိုမြင့်တက်လာပြီး ဥပဒေပြုရေးမဏ္ဍိုင်နှင့် ပြည်သူ လူထုအကြား အပြန်အလှန်ဆက်ဆံရေး တိုးတက်ကောင်းမွန်နေမည်ဖြစ်ကြောင်း ဦးတီခွန်မြတ်က ဆက်ပြော သည်။

“မိမိတို့ဟာ နေရာဒေသအသီးသီး၊ လူတန်းစား အလွှာအသီးသီး၊ ပါတီအသီးသီးကနေ လွှတ်တော်ထဲကို ရောက်ရှိလာကြတာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတူညီတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ခံယူချက်တွေ အသီးသီးရှိနေကြတာကတော့ အရှိတရားပဲ ဖြစ်ပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ပါတီတစ်ခုနဲ့တစ်ခု နားလည်အောင် ကြိုးစားပြီး ပြည်သူလူထုအကျိုး၊ နိုင်ငံတစ်ဝန်းလုံးရဲ့ အကျိုးနဲ့ယှဉ်ပြီး လွှမ်းခြုံကြည့်မြင်နိုင်တဲ့ မြော်မြင်ဉာဏ်ကြီးသူများ ဖြစ်ကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၅ရက် ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၁၇၂) ခု၊ ကြယ်ပွင့်မပြ မေးခွန်း (၅၃၅) ခု ကို မေးမြန်း၊ဖြေကြားခြင်းများ ရှိခဲ့သည်။ ထို့အပြင် အဆို (၁၅) ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၉) ခု၊ မှတ်တမ်းတင်အဆို (၄) ခုနှင့် လက်ခံဆွေးနွေးရန်မရှိသည့် အဆို (၂) ခုတို့ကို တင်သွင်းခဲ့သည်။

ယင်းအပြင် ဆောင်ရွက်ခဲ့သော ဥပဒေကြမ်း (၂၃) ခုရှိခဲ့ပြီး  ဥပဒေကြမ်း (၁၁) ခုကို အတည်ပြုနိုင်ခဲ့ကာ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း (၁၂) ခု ကျန်ရှိနေကြောင်း ၊ ကော်မတီဆိုင်ရာ ဆောင်ရွက်ချက်များ၌ ပြည်သူ့လွှတ်တော်တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီကို ကိုယ်စားလှယ် (၁၆) ဦးဖြင့် လည်း ကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီကို ကိုယ်စားလှယ် (၁၅) ဦးဖြင့် လည်း ကောင်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။ လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မတီ (၁၄) ခု၏ သက်တမ်း တိုးမြှင့်ခြင်း၊ ဥပဒေကြမ်းကော်မတီနှင့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာတို့ကို အတည်ပြုခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly