ရခိုင်ပြည်နယ်အတွင်း အပြင်းထန်ဆုံးသောတိုက်ပွဲများ ဖြစ်ပွားနေဟု AA ပြော

ရခိုင်ပြည်နယ်အတွင်း အပြင်းထန်ဆုံးသောတိုက်ပွဲများ ဖြစ်ပွားနေဟု AA ပြော

ရန်ကုန်၊ မတ် ၁၄ ။           ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သမျှတိုက်ပွဲများထဲတွင် အပြင်းထန်ဆုံးဟု ပြော၍ရသည့်တိုက်ပွဲများ တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့ အကြား ယခုရက်ပိုင်းတွင် ဖြစ်ပွားနေသည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မတ်လ ၁၄ ရက်တွင် ပြောသည်။

“ တိုက်ပွဲကတော့ အကြီးအကျယ် အပြင်းအထန် ဖြစ်နေတာပေါ့နော်။ မနေ့က မတ်လ ၁၃ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းအထန်ဆုံးလို့ ပြောလို့ရတဲ့တိုက်ပွဲတွေဖြစ်နေတယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါတိုက်ပွဲမှာ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ၁၄ ရက်နေ့အထိ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါရွာအနောက်ဖက်တောင်တန်းများပေါ်တွင် ပြင်းပြင်းထန်ထန်ဖြစ်ပွားနေခြင်းဟုလည်း သိရသည်။

တိုက်ပွဲတွင် တပ်မတော်မှ ကျောက်တော်မြို့နယ်၊ ကန်စောက်ဘက်မှနေ၍  လက်နက်ကြီးဖြင့် ပစ်ကူပေးနေပြီး ရဟတ်ယာဉ်သုံး တိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်ဟု ဦးခိုင်သုခဘက်မှ ဆိုသည်။

“ မတ်လ နံနက် ၁၀ နာရီကနေ မတ်လ ၁၄ ရက် ၁၀ နာရီထိ အဲ့ဒီနားက လက်နက်ကြီးပစ်တဲ့ အကြိမ်အရေအတွက်က ကျွန်တော်တို့ရဲ့မှတ်တမ်းတွေအရ ၂၀၀၀ ကျော်သွားပြီ။ အခုထိလည်း ရဟတ်ယာဉ်တွေ လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူအချို့အပါအဝင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ မေးမြန်းရန် မဇ္ဈိမမှ ဖုန်းဖြင့်ခေါ်ဆိုသော်လည်း သတင်းရေးသားချိန် မတ်လ ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲအထိ အဆက်အသွယ် မရရှိသေးပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ ၃ လခန့် ကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲပေါင်း ၁၀၀ ကျော် ရှိပြီဟုလည်း သိရသည်။

အစောပိုင်းကာလများတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့့နယ်ရှိ တောင်တန်းများပေါ်တွင်သာ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ယခု မတ်လပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးမြို့နယ်တို့အထိ တိုက်ပွဲများပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၁၂၀၀၀ ခန့်ရှိရာမှ ထပ်ဖြစ်လာသော တိုက်ပွဲများ၏ အခြေအနေအလိုက် စစ်ဘေးရှောင်ဦးရေမှာ ထပ်တိုးလာဖွယ်လည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly