အန္တာတိကမှာ ရေခဲပြင် ဆုံးရှုံးမှု ခြောက်ဆ တိုးလာ

အန္တာတိကမှာ ရေခဲပြင် ဆုံးရှုံးမှု ခြောက်ဆ တိုးလာ

အန္တာတိက၊ မတ် ၁၄ ။         ။ အန္တာတိကတိုက်၊ ချီလီယံပါတာဂိုနီးယားအရပ်က ဂရေးရေခဲမြစ်ကြီးကနေ ရေခဲကျွန်းမျောကြီးနှစ်ခု ခွဲထွက်မျောပါနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတွေ အရည်ပျော်မှုဟာ နှစ််ပေါင်းလေးဆယ်ကထက် ခြောက်ဆ များပြားလာကြောင်း သိပ္ပံပညာရှင်တွေက သတိပေးနေပြီလည်း ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်ကစပြီး အန္တာတိကမှာ ရေခဲတွေအရည်ပျော်ကျမှုဟာ တစ်နှစ််ထက်တစ််နှစ် ပိုမိုမြန်ဆန်လာပြီး ရေခဲအရည်ပျော်ကျမှုနှုန်း ခြောက်ဆ မြင့်တက်လာပါတယ်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို ဖြစ်စေတဲ့ အန္တာတိက ရေခဲပျော်ကျမှုကြောင့် ၁၉၇၉ ကနေ ၂၀၁၇ အတွင်းမှာ ပင်လယ်မျက်နှာပြင်ဟာ တစ်လက်မကျော် မြင့်တက်ခဲ့ကြောင်း သိပ္ပံပညာဂျာနယ် PNAS က ဖော်ပြပါတယ်။

ရေခဲများ အရည်ပျော်မှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဟာ လာမယ့်နှစ်တွေမှာ ဘေးဖြစ်နိုင်တဲ့အထိ ဆိုးဝါးတဲ့ အဆင့်ရောက်လာလိမ့်မယ်လို့ သုတေသနစာတမ်းကို ဦးဆောင်ရေးသားတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ကမ္ဘာမြေစနစ်သိပ္ပံဌာန အကြီးအကဲဖြစ်သူ အဲရစ်ရစ်နော့က ဆိုပါတယ်။

“အန္တာတိက ရေခဲလွှာတွေ အရည်ပျော်ကျမှုဟာ ဆက်လက်ဖြစ်ပွားနေပါတယ်။ လာမယ့်ရာစုနှစ်တွေမှာဆိုရင် မီတာအတော်များများအထိ ပင်လယ်ရေ မြင့်တက်မှု ဖြစ်လာတော့မှာပါ။”လို့ ရစ်နော့က ပြောပါတယ်။

၂၁၀၀ ခုနှစ််မှာ ပင်လယ်ရေမြင့်တက်မှုဟာ ၁ ဒသမ ၈ မီတာ မြင့်တက်လာမှာ ဖြစ်တာကြောင့် လူသန်းပေါင်းများစွာ နေထိုင်ရာ ကမ္ဘာအနှံ့က ကမ်းခြေဒေသတွေ ရေဖုံးလွှမ်းလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly