ရှမ်းယူနိုက်တက်အသင်း၏ နည်းပြချုပ် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲ

ရှမ်းယူနိုက်တက်အသင်း၏ နည်းပြချုပ် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲ
ဓာတ်ပုံ-ရှမ်းယူနိုက်တက်

မတ်လ၁၄ ။      ။ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယမြောက်ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်းဟာ အင်ဒိုနီးရှားကလပ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မတ်လ ၁၃ ရက်နေ့ညပိုင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် နည်းပြချုပ် ဦးမင်းသူ တို႔  နှစ်ဦး သဘောတူလမ်းခွဲကြောင်း ကြေညာချက်ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ကြေညာချက် မထွက်လာမီ ဦးမင်းသူက သူ့၏လူမူကွန်ယက်စာမျက်နှာတွင် “ရှမ်းယူနိုက်တက် ဘောလုံးအသင်းနဲ့ပတ်သတ်သူအားလုံး ကစားသမားများ ဝန်ထမ်းများ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ အားလုံးကိုနှုတ်ဆက်ပါတယ်။ ကျွန်တော်နည်းပြဘဝကိုပုံဖော်ထုဆစ်ပေးခဲ့ပါသော ရှမ်းယူနိုက်တက် ဘောလုံး အသင်းကြီး အောင်မြင်မှုတွေရရှိပါစေ” ဟု ရေးသားခဲ့သည်။

"ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းသည် နည်းပြချုပ် ဦးမင်းသူနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီး နောက် နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း၊ ဦးမင်းသူသည် ယခု ဘောလုံး ရာသီတွင် ပထမအသင်း (စီနီယာအသင်း)ကို စတင်တာဝန်ယူခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအား အနိုင်ယူကာ ချယ်ရတီဖလား ရအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ရှမ်းယူနိုက်တက်အသင်း အနေဖြင့် ဦးမင်းသူ၏ အသင်းအပေါ် ပေးဆပ်ခဲ့မှု များအတွက် အစဉ်အမှတ်ရနေမှာ ဖြစ်ပြီး၊ အနာဂတ်တွင်အောင်မြင်မှုများ ထပ်မံ ရရှိပါစေကြောင်း တောင်းဆု ပြုပါသည် "ဟု ရှမ်းယူနိုက်တက်အသင်း၏ လူမူကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

နည်းပြချုပ် ဦးမင်းသူသည် အသက် (၁၉) နှစ်အောက်ရှမ်းယူနိုက်တက်လူငယ်အသင်းကိုချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး စီနီယာအသင်းတွင်လည်း ရန်ကုန်ယူနိုက်အသင်းကို အနိုင်ယူပြီး ချယ်ရတီ ဖလားကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ရှမ်းယူနိုက်တက်အသင်းကို ယာယီနည်းပြချုပ်အဖြစ် နည်းစနစ်ဒါရိုက်တာဦးအောင်နိုင်က ကိုင်တွယ်သွားမည်ပာုသိရသည်။ ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် (၅) ပွဲတွင် ၂ ပွဲနိုင်၊ ၃ ပွဲသရေကျကာ ရမှတ် (၉) မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာတွင်ရပ်တည်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းသည် ပြည်ပပြိုင်ပွဲဖြစ်သည့် AFC Cup 2019 တွင် အုပ်စုပွဲ (၂) ပွဲ ကစားထားရာ (၂)ပွဲစလုံး ရှုံးနိမ့်ခဲ့သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly