နည်းပညာအခက်အခဲကြောင့် ကျားအစစ်များနှင့် ရိုက်ကူးခဲ့သည့် မှော်ဝင်သမန်းကျားရုပ်ရှင်

နည်းပညာအခက်အခဲကြောင့် ကျားအစစ်များနှင့် ရိုက်ကူးခဲ့သည့် မှော်ဝင်သမန်းကျားရုပ်ရှင်

မတ်၊ ရန်ကုန် ။       ။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် ဆုပေးမည့် နောက်ဆုံးဆန်ခါတင်ဇာတ်ကားစာရင်းအထိ ပါရှိသွားသော မှော်ဝင်သမန်း ကျားရုပ်ရှင်တွင် ကျားပုံစံအန်နီမေးရှင်းပြုလုပ်ချက်များ အဆင်မပြေခဲ့သောကြောင့် ကျားအစစ်များနှင့် ရိုက်ကူးခဲ့ရခြင်းဖြစ်ကြောင်း  သရုပ်ဆောင်ခွန်းဆင့်နေခြည်က ပြောသည်။

“တကယ့်တကယ် လက်တွေ့ လုပ်တဲ့အချိန်မှာ နည်းပညာပိုင်းဆိုင်ရာတွေမှာ အားနည်းခဲ့တယ်။ မပီပြင်ခဲ့ဘူး။ ပီပြင်မှု အင်အားတွေ တော်တော်လေးအားနည်းခဲ့တယ်။ အဲ့ဒီအတွက်ကို ကျားတစ်ကောင်လုံးရဲ့ မိုတွေကို ဆွဲတဲ့အချိန်မှာ ကျားနဲ့ မတူနေဘူး။ ဘယ်လိုဖြစ်နေလဲဆိုတော့ ကာတွန်းရုပ်တွေနဲ့ တူသွားတယ်။ တူသွားတဲ့အခါကျတော့ မခွန်းဆင့်တို့အနေနဲ့ ကျားကားမှာ ဒီကာတွန်းအရုပ်တွေနဲ့ တူနေတဲ့အရုပ်တွေကို ထည့်သုံးလိုက်မယ်ဆိုရင် နဂိုကမှ ဒီမြန်မာကားတွေကို သိပ် အထင်မကြီးချင်တဲ့ အနေအထားမျိုးမှာ ပိုဆိုးသွားနိုင်တယ်။ အဲ့ဒီအတွက်ကို အမက ကာတွန်းနဲ့တူနေတဲ့ ကျားမို တစ်ကောင်လုံး ဆွဲထားတာကြီးကို သုံးလို့ မရဘူး။ မရတဲ့အတွက် လူကနေ ကျားပြောင်းဖို့ ဘယ်လိုလုပ်ရမလဲ ဦးနှောက်တွေ ခြောက်ခဲ့တယ်။ အဲတော့ အမတို့ ကျားအစစ်တွေနဲ့ သွားရိုက်ရတာပေါ့နော်။ အဲ့တော့ ကုန်ကျစရိတ် အနေနဲ့လည်း အများကြီး ဖြစ်သွားစေတယ်။ အရမ်းလည်း ခက်ခဲတယ်” ဟု ၎င်းက ပြောသည်။

မှော်ဝင်သမန်းကျားဇာတ်ကားတွင် သရုပ်ဆောင် ရန်အောင်၊ မင်းမော်ကွန်း၊ သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်နှင့် ခွန်းဆင့်နေခြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားသည်။၂ဝ၁၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် စုစုပေါင်း ဇာတ်ကား ၈၃ ကားထဲမှ ဆန်ခါတင်၂၅ ကားကို ရွေးချယ်ခဲ့ပြီး မှော်ဝင်သမန်းကျားရုပ်ရှင်လည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

“ဒီ အကဲဖြတ်ဒိုင်လူကြီးတွေလည်း ဒီကားကို သူတို့ရဲ့ စိတ်ခံစားချက်မှာ ဒီဇာတ်ကားကို ဘောင်ဝင်တဲ့ ဇာတ်ကား တစ်ကားလို့ ခံယူ၊ ယူဆတဲ့အတွက်ကို နောက်ဆုံးဖိုင်နယ်အထိ သူတို့ ကြည့်ခဲ့တယ်။ တင်ခဲ့၊ ဆွဲယူခဲ့တယ်။ အဲ့အတွက်ကို မခွန်းဆင့်က တစ်ခြားကောင်းတဲ့ ဇာတ်ကားပေါင်းမြောက်များစွာထဲက ကိုယ့်ရဲ့ မှော်ဝင်သမန်းကျား ဇာတ်ကားကလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ရတဲ့အတွက် ကိုယ်ကြိုးစားရကြိုးနပ်တယ်။ အကယ်ဒမီရတာ၊ မရတာကို သိပ်ပြီး Serious မဖြစ်ဘူး” ဟု ခွန်းဆင့်နေခြည်က ပြောသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ရက်နေ့တွင် မြန်မာ့ရုပ်ရှင်အတွက် အကယ်ဒမီဆုပေးပွဲကို ကျင်းပသွားမည် ဖြစ်ပြီး ယခင်နှစ်များနှင့် မတူဘဲ ယခုနှစ်တွင် ဇာတ်ကားကောင်းများ အရေအတွက် များလာခြင်းနှင့် အကယ်ဒမီအတွက် အဂတိ ကင်းရှင်းအောင် အကဲဖြတ်ရာတွင် ယခင်စည်းမျဉ်းစည်းကမ်းများ ဂိုက်စွဲစာအုပ်ကို အကဲဖြတ်အဖွဲ့ဝင်များ လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ ထပ်ထည့်ခဲ့ပြီး ယခုနှစ်အကယ် ဒမီဆုရွေးချယ်ရာမှာ စတင် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly