ရခိုင်ပြည်နယ်အတွင်းမှ အခြေအနေများကို ထိန်းသိမ်းမှုပြုလုပ်ရန် EU တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်းမှ အခြေအနေများကို ထိန်းသိမ်းမှုပြုလုပ်ရန် EU တိုက်တွန်း
ဓာတ်ပုံ-ဇေယျာမော်

ရန်ကုန် ၊ မတ် ၁၄ ။       ။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ် AA အကြား ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံး ၊ ကနေဒါ နှင့် နော်ဝေ နိုင်ငံတို့မှ တိုက်တွန်းပြောဆိုလိုက်သည်။

“၂၀၁၉ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် (၉) ဦးတို့ သတ်ဖြတ်ခံရခြင်း ကဲ့သို့သော လုပ်ရပ်များသည် မည်သို့မျှ တရားမျှတမှု မရှိပါ” ဟု မတ်လ ၁၄ ရက်နေ့ နံနက်က ကြေညာသော ဥရောပသမဂ္ဂ သံရုံး၏ ထုတ်ပြန်ချက်တွင် ယင်းသို့ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

ယင်းအပြင် တပ်မတော်နှင့် AA အကြား ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပြည်သူများ အသက်အိုးအိမ် ဆုံးရှုံး နစ်နာမှုများနှင့် ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဖြစ်ပေါ်စေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဥရောပသမဂ္ဂသံရုံးမှ ထုတ်ပြန်ချက်၌ “ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရမည် ဖြစ်ပါသည်” ဟု ရေးသားထားသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိင်ငံရေး ဖြစ်စဉ်များမှ တဆင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အားထုတ် ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် မျှော်မှန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံး ၊ ကနေဒါ နှင့် နော်ဝေ နိုင်ငံတို့မှ တိုက်တွန်းပြောဆိုထားသည်။

အစိုးရ တပ်မတော် နှင့် ရက္ခိုင့်တပ် AA တို့အကြား တိုက်ပွဲများသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အစပိုင်းက စတင်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင် ၊ ဘူးသီးတောင် ၊ မောင်တော ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး စသည့် မြို့နယ်တို့တွင် ဖြစ်ပွားလာနေခဲ့ခြင်းလည်းဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူ ၁၀၀၀၀ ကျော်ခန့် ရှိလာနေပြီဖြစ်သည်။

အဆိုပါဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ သွားရောက်အထောက်အပ့ံပေးနေသည့် အဖွဲ့အစည်းအချို့လည်း ကန့်သတ်ခံထားရသည်။ ယင်းသို့ ကန့်သတ်မှုများသည် စစ်ဘေးဒဏ်ခံစားနေရသည့် လူများ အပေါ် ပြင်းထန်သည့် သက်ရောက်မှုကို ဖြစ်စေသည်ဟု ဥရောပသမဂ္ဂက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly