Taiwan Open 2019 စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် မြန်မာကစားသမား ကြည်မြင့် ရွှေတံဆိပ် ဆုရရှိ

Taiwan Open 2019 စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် မြန်မာကစားသမား ကြည်မြင့် ရွှေတံဆိပ် ဆုရရှိ
ဓာတ်ပုံ-မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်

မတ်လ ၁၃ ။      ။  ထိုင်ဝမ်နိုင်ငံတွင် မတ်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Taiwan Open 2019 အကြီးတန်းအဆင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင်  မြန််မာနိုင်ငံကိုယ်စားပြု စားပွဲတင်တင်းနစ်ကစားသမား ကြည်မြင့် က ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ႕ချုပ်ထံမှ သိရသည်။

အဆိုပါ စားပွဲတင် တင်းနစ်ပြိုင်ပွဲ Taiwan Open 2019 အကြီးတန်းအဆင့်ပြိုင်ပွဲကို အိမ်ရှင်ထိုင်ဝမ်(တရုတ်) ၊ဟောင်ကောင်၊ ဂွာတီမာလာ၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ ကစားသမား ပြိုင်ပွဲဝင်ဦးရေ(၈ဝ)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံကိုယ်စားပြု ကစားသမားဖြစ်သည့် ကြည်မြင့်အနေဖြင့် ဗိုလ်လုပွဲတွင် ဂွာတီမာလာနိုင်ငံမှ ကစား သမားကိုကျော်ဖြတ်နိုင်ခဲ့တာကြောင့် ရွှေတံဆု ကိုရရှိခဲ့ခြင်း ဖြစ်သလို စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပသည့် အိမ်ရှင် ထိုင်ဝမ် နိုင်ငံမှာ တတိယ အဆင့်ဖြင့်သာ ရပ်တည်ခဲ့သည်။

'' ဟိုရောက်တော့ ရာသီဥတုက တော်တော်လေး အေးပါတယ်။ မကစားခင် လေ့ကျင့်ခန်း သေချာလုပ်ရပါတယ်။ ပြိုင်ပွဲဝင် လူတွေက အရမ်းများပါတယ်။ မြန်မာပြည်မှလို ခုံလေး ၄ ၅ ခုံ လောက်နဲ႔ ပြိုင်ပါတယ်။ ဟို မှာကျတော့ ခုံ ၂၀ ၃၀ လောက် နဲ႔ တပြိုင်နက်ထဲ ပြိုင်ကြပါတယ်။ ရက်တွေကလည်း အများကြီးမရဘူးလေ စနေ႔ ၊ တနင်္ဂနွေ ပဲ အဓိကထားပြိုင်ကြတယ်။ ကျွန်တော်ဆို ဗိုလ်လုပွဲ ပြီးတော့ လမ်းတောင်မလျှောက်နိုင်တော့ပါဘူး။ နောက်ဆုံး ပြိုင်ရတဲ့ ကွာတားဖိုင်နယ် ဆီမီးဖိုင်နယ်၊ နောက်ဆုံးဖိုင်နယ် တွေမှ ကံက ကိုယ်ဘက်မှ ပါနေတာလည်းပါတယ်။ အကုန်လုံးကို ကပ်ကပ်ပြီးနိုင်တာ"ဟု စားပွဲတင် တင်းနစ်ကစားသမား ကြည်မြင့် ကဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် စားပွဲတင် တင်းနစ်ကစားသမား ကြည်မြင့် ကို မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်၌ ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ခဲ့သည်။ စားပွဲတင် တင်းနစ်ကစားသမား ကြည်မြင့် အနေဖြင့် ၂၀၁၉ ခုနှစ် ၏ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲ တစ်ခုဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly