ကိုဖုန်းမော်သည် တိုင်းပြည်ကောင်းစားအောင်လုပ်ချင်သည့် ခေါင်းဆောင်ဖြစ်ချင်ခဲ့သူဟု အစ်မဖြစ်သူ ပြော

ကိုဖုန်းမော်သည် တိုင်းပြည်ကောင်းစားအောင်လုပ်ချင်သည့် ခေါင်းဆောင်ဖြစ်ချင်ခဲ့သူဟု အစ်မဖြစ်သူ ပြော
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ မတ်လ ၁၃ ။                 ။ ကွယ်လွန်သွားသည်မှာ နှစ်ပေါင်း ၃၁ နှစ်ပြည့်ခဲ့ပြီဖြစ်သည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ၏ ငယ်စဉ်က ရည်မှန်းချက်မှာ တိုင်းပြည်ကောင်းစားအောင် လုပ်ချင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ချင်သူဟု ကိုဖုန်းမော်၏ အစ်မဖြစ်သူ ဒေါ်မာမာအိက ပြောသည်။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ကျဆုံးခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၁) နှစ်ပြည့်အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် မတ်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ကိုဖုန်းမော်၏ အစ်မဖြစ်သူက ပြောခဲ့ခြင်းဖြစ်သည်။

" သူ့ရဲ့ ရည်မှန်းချက်က တိုင်းပြည်ကောင်းစားအောင်လုပ်ချင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်တာ။ တိုင်းပြည်တိုးတက်အောင်လုပ်ချင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်ခဲ့တာ။ အဲ့ဒီလိုမျိုး။ အာဏာမက်တာတို့၊ ငွေမက်တာတို့မရှိဘူး။ သူဟာ အရမ်းအောက်ကျို့တယ်။ ဒါပေမယ့် ဘယ်လောက်အောက်ကျို့ကျို့သူဟာ အမြဲတမ်းခေါင်းဆောင်ဖြစ်တယ်။ ကြက်ခြေနီမှာဆိုလည်း တပ်ခွဲမှူးဖြစ်သွားတယ်သူက။ ကျောင်းမှာဆိုလည်း အဲ့ဒီလို၊ ဘောလုံးကန်တဲ့နေရာမှအစ အကုန်လုံးခေါင်းဆောင်ဖြစ်တယ်။ ဘယ်နေရာဖြစ်ဖြစ် သူဦးဆောင်ရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက လုပ်တယ်။ သည်းခံတယ်။ ကြိုးစားတယ်"ဟု ဒေါ်မာမာအိက ပြောသည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်းနှင့် ပတ်သက်ပြီး ပြောချင်သည့် စကားများရှိနေသော်လည်း အမှန်တရား များသာ ပြောမိမည်စိုး၍ မည်သည့်စကားမှ မပြောချင်တော့ကြောင်း ကိုဖုန်းမော်၏ အစ်မဒေါ်မာမာအိက ဆိုသည်။

" ပြောလိုက်ရင် အမှန်ချည်းပဲ ကိုယ်က ပြောမှာစိုးလို့။ အခုချိန်မှာ အမှန်တွေ ပြောလိုက်ရင် ၆၆(ဃ)တို့၊ ၂၉၅ (ဃ)တို့ ဆိုတာထဲကို ပါသွားမယ်လေ။ အဲ့ဒါကြောင့်အခုချိန်မှာ သိပ်မပြောချင်သေးဘူးပေါ့နော်"ဟု ဒေါ်မာမာ အိက ပြောသည်။

ကိုဖုန်းမော်တို့ ဖြစ်စဉ်မှာ ၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် အစပြုခဲ့ခြင်းဖြစ်ပြီး ထိုနေ့တွင်  ရန်ကုန်မြို့၊ အနောက်ကြို့ကုန်းလက်ဖက်ရည်ဆိုင်မှ စသည့်ခဲ့သည့် ကျောင်းသားနှင့် အရပ်သားပဋိပက္ခနှင့် စပ်လျဉ်းပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများက တရားဥပဒေနှင့်အညီဖြေရှင်းပေးရန်တောင်းဆိုခဲ့သော်လည်း အာဏာပိုင်များက ကတိချိုးဖောက်ခဲ့သည့်အတွက် ၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အခြေအနေများ တင်းမာခဲ့သည်။

ထိုအခြေအနေကို လုံထိန်းရဲတပ်ဖွဲ့များက မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သေနတ်ထိမှန် ကျဆုံးခဲ့ ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောင်းသားလှုပ်ရှားမှုအရေးအခင်းများ ဆက်တိုက်ပေါ်ပေါက်ခဲ့ကာ ၁၉၈၈၊ သြဂုတ် လ ၈ ရက်နေ့၊ (၈၈၈၈) လူထုလှုပ်ရှားမှုကြီးအထိ ကူးစက်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စက်မှုကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့သော မတ်လ ၁၃ ရက်နေ့သည် မြန်မာ့နိုင်ငံ ရေးသမိုင်းတွင် အရေးပါသော နေ့တစ်နေ့အဖြစ်ပါဝင်နေခြင်းဖြစ်သည်။

" လူတွေရဲ့ နေ့စဉ်ဘဝတွေသိရမယ်။ မလွတ်လပ်မှုတွေသိရမယ်။ ဘယ်လိုဖြိုခွင်းခံရတယ်ဆိုတာကို သိရမယ်။ ကျောင်းသားတွေ နည်းနည်းလှုပ်ရှားတာနဲ့ ဘယ်လောက် ရက်ရက်စက်စက်နှိမ်နှင်းခံတယ်ဆိုတာကို သိလိမ့် မယ်"ဟု ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၁) နှစ်ပြည့်အခမ်းအနားကို တက်ရောက်လာသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကပြောသည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၁) နှစ်ပြည့်အခမ်းအနားကို ကျောင်းသားဟောင်းများ၊ နိုင်ငံရေးနယ် ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများတက်ရောက်ခဲ့ပြီး လွမ်းသူပန်းခွေချပြီးနောက် တရားနာကာ ရေစက်ချအမျှဝေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly