‘မှော်ဝင်ည’ - ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဆီ တွန်းပို့ပေးခဲ့တဲ့ စီရော်နယ်လ်ဒို

‘မှော်ဝင်ည’ - ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဆီ တွန်းပို့ပေးခဲ့တဲ့ စီရော်နယ်လ်ဒို
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့က အက်သလက်တီကိုအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူပေးခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၂ ဂိုးရလဒ်နဲ့ အီတလီကလပ်ဟာ အံအားသင့်ဖွယ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီစူပါစတားဟာ ပွဲချိန် ၂၇ မိနစ်နဲ့ ၄၉ မိနစ်တွေမှာ ခေါင်းတိုက်သွင်းဂိုး နှစ်ဂိုး၊ ပွဲချိန်နှောင်းပိုင်း ၈၆ မိနစ်မှာ ပင်နယ်တီဂိုးသွင်းယူခဲ့တာကြောင့် အီတလီချန်ပီယံတို့ သောကြာနေ့မှာ မဲခွဲပွဲပြုလုပ်မယ့် နောက်ဆုံး ၈ သင်းထဲကို ဝင်ရောက်နိုင်ခဲ့တာပါ။

“ဒီပွဲဟာ ထူးကဲတဲ့ ညတစ်ညအဖြစ် အမြဲတမ်း ဖြစ်နေသင့်ခဲ့ပြီး ဖြစ်လည်းဖြစ်လာခဲ့ပါတယ်။ ဂိုးတွေ သွင်းယူနိုင်ခဲ့တာကို မဆိုလိုပါဘူး။ ဒါပေမယ့် တစ်သင်းလုံးကြောင့် ဖြစ်ခဲ့တာပါ။”လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။ 

“ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိုအပ်တဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဂျူဗင်တပ်စ်က ကျနော့်ကို ဘာကြောင့် ခေါ်ယူခဲ့တယ်ဆိုတာက သူတို့ အသင်းကို ဒီလို မှော်ဝင်ညတွေနဲ့ ကူညီပေးနိုင်ဖို့ဖြစ်ပါတယ်။”

ပထမအကျော့ မက်ဒရစ်မှာ ၂-၀ ဂိုးနဲ့ အနိုင်ရဲ့ထားတဲ့ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းကတော့ ဒုတိယအကျော့ တူရင်မြေမှာ ဂျူဗင်တပ်စ်အသင်းရဲ့ အောက် နစ်မြုပ်ခဲ့ပြီး ဇွန်လ ၁ ရက်၊ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ ဖလားသိမ်းပိုက်ဖို့ ကြံရွယ်ထားတဲ့ သူတို့ရဲ့ မျှော်လင့်ချက်ဟာလည်း ပျက်ပြဲသွားခဲ့ပြီဖြစ်ပါတယ်။

“အိုးလေဒီတို့ဟာ ကြီးကျယ်တဲ့ ရင့်ကျက်မှုကို ပြသခဲ့ပါတယ်။”လို့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ပြောပါတယ်။

“ကစားတွေဟာ သူတို့ရဲ့ အကောင်းဆုံးတွေနဲ့ ပေးဆပ်ကစားခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော် သူတို့ကို ဂုဏ်ပြုပါတယ်။ ဒါဟာ ပထမအကျော့မှာ ကျနော်တို့ လိုချင်ခဲ့တဲ့ ပုံစံမျိုးပါ။”

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ သူ့ရဲ့ ၈ ကြိမ်မြောက် ဟက်ထရစ်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဟက်ထရစ် အများဆုံးရကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ စံချိန်ရှင်ဟာ အခုဆိုရင် ဒီပြိုင်ပွဲရဲ့ ၁၆၀ ပွဲမှာ ဒီရာသီ ၄ ဂိုးအပါအဝင် စုစုပေါင်းသွင်းဂိုး ၁၂၄ ဂိုးနဲ့ ပြိုင်ပွဲရဲ့ ထာဝရဂိုးသွင်းဘုရင်အဖြစ် သူ့ရဲ့စံချိန်ကို တိုးမြှင်နိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပဲ ပြီးခဲ့တဲ့ ၄ ရာသီမှာ ဒုတိယနဲ့သာ နှစ်ကြိမ်ရပ်တည်နိုင်ခဲ့တာကြောင့် ဒီဖလားကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ နွေရာသီက အသက် ၃၄ နှစ်အရွယ် ရော်နယ်လ်ဒိုကို ရီးယဲလ်အသင်းမှ ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly