ဖိုးသော် အနိုင်ရရှိသွားသော အချက် ၄ ချက်

ဖိုးသော် အနိုင်ရရှိသွားသော အချက် ၄ ချက်

ONE  Championship ၏ ONE: REIGN OF VALOR ပြိုင်ပွဲကြီးကို မတ်လ ၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁၊ သုဝဏ္ဏ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား ဖိုးသော်သည် အင်ဒိုနီးရှားနိုင်ငံသား Yohan Mulia Legowo ကို ပထမအချီတွင် အလဲထိုးကာ အနိုင်ရခဲ့သည်။ ဖိုးသော်သည် ၄င်း၏ အားနည်းသော တိုက်ကွက် တစ်ခုဖြစ်သည့် မြေပြင်ချုပ်ကွက် ကစားနည်း ကိုပင် ယခုပွဲစဉ်၌ အဓိက အသုံးပြုသွားနိုင်ခဲ့ပြီး ပွဲကြိုပြောစကားအတိုင်း ပရိသတ်များအတွက် နိုင်ပွဲတစ်ပွဲကို ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

ထို့ကြောင့် ဖိုးသော်၏ ပွဲမတိုင်မီပြင်ဆင်မှု ၊ ကြိုးစားမှုများအပါအဝင် ပွဲအတွင်းအသုံးပြုခဲ့သော နည်းဗျုဟာအကျဆုံး တိုက်ကွက်များနှင့် ဉာဏစွမ်းအား ကိုအသုံးပြုထားသော တိုက်ခိုက်နိုင်မှု စွမ်းရည်ကို မြင်တွေ့ခဲ့ရသည်။

■ပွဲကြိုပြင်ဆင်ခြင်းနှင့် ကြိုးစားခြင်း

မြန်မာနိုင်ငံသား ဖိုးသော်သည် ONE : REIGN OF VALOR ပြိုင်ပွဲအတွက် ၃ လကျော် အချိန်ယူကာ ၄င်း၏ ကိုယ်ခံပညာ အားကစားရပ်ကို ပြန်လည်တည်ဆောက်ခဲ့သူဖြစ်သည်။ ဖိုးသော်သည် ၄င်း၏ ကိုယ်ခံပညာရပ်အတွက် ပုံမှန်လေ့ကျင့်ရေးအစီအစဉ်အပြင် အားနည်းချက်များ လိုအပ်ချက်များကို ပြင်ဆင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစတင်၍ ဂျပန် ကိုယ်ခံပညာနည်းပြ Shimizu အားခေါ်ယူကာ မြေပြင်ချုပ်ကွက် ကစားနည်းဖြင့် ပြိုင်ဘက်အပေါ် ဖိအားပေးနိုင်ရန် စတင်သင်ကြားခဲ့သည်။

သင်ကြားခြင်းဟု ဆိုရာ၌ ဖိုးသော်သည် အခြေခံကျကျ ပြန်လည်သင်ယူခဲ့ခြင်းဖြစ်ပြီး မတ်ရပ် ထိုးသတ်ကစားနည်း အားသာသော မြန်မာ့လက်ဝှေ့သမားတစ်ဦးပင် ဖြစ်လင့်ကစား မတူညီသော ကိုယ်ခံပညာရပ် ၂ မျိုးအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့် ကြိုးစားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော် ဒီပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ ၁၀ လပိုင်းကစပြီး လေ့ကျင့်မှုပြန်စခဲ့ပါတယ်။ ဂျပန်က ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားလည်းဖြစ်သလို သင်တန်းလည်းဖွင့်ထားတဲ့ Shimizu နဲ့ သင်ကြားလေ့ကျင့်ခဲ့ပါတယ်။ ၎င်းက မြေပြင်ချုပ်ကွက် ကစားနည်းမှာ အားသာချက်များတဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ ချုပ်ကွက်တွေ အားသာတယ်။ ပြိုင်ဘက်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ သိတယ်။ သူရဲ့လေ့ကျင့်ပေးမှုတွေကနေ ကျွန်တော့်ရဲ့ အားနည်းချက်တွေကို အများကြီးပြောင်းလဲနိုင်ခဲ့တယ်''လို့ ဖိုးသော်က ပွဲမတိုင်မီ မီဒီယာများနှင့်တွေ့ဆုံမေးမြန်မှုတွင်ဖြေကြားခဲ့သည်။ ဒီဖြေကြားမှုသည် ပုံမှန်ပင် ဖြစ်သော်လည်း ဖိုးသော် ထိုးသတ်ခဲ့သော ပွဲအပြီးတွင် ၄င်း၏ ပြောင်းလဲနိုင်ခြင်းကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။

■အပြောင်းအလဲများနှင့် ဖိုးသော်

အင်ဒိုနီးရှားနိုင်ငံသား Yohan Mulia Legowo သည် အပူးအချုပ်နှင့် ပြိုင်ဘက်၏ သက်လုံကို ခြွေတတ်သော ကစားသမားဖြစ်သည်။ ပြိုင်ဘက်က သက်လုံကျလာသောအချိန်တွင် ဘယ်ညာ လက်သီးတွဲလုံးများကို တရစပ်အသုံးပြုကာ တိုက်ခိုက် ပွဲသိမ်းတတ်သူဖြစ်သည်။ အဆိုပါ အချက်သည် ဖိုးသော်အတွက် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ခဲ့သည်။ သို့သော်လည်း ပြောင်းလဲလိုက်သူက ဖိုးသော်ပင်ဖြစ်သည်။

မလေးရှားနိုင်ငံသား Keanu Subba ကိုရှုံးနိမ့်ခဲ့စဉ်က ဖိုးသော်သည် ၄င်း၏ အားနည်းချက်များကို တွေ့မြင်ခံစားခဲ့ရသည်။ ထို့ကြောင့် အဆိုအမှားမျိုး ထပ်မံမကျူးလွန်ရန် ပြောင်းလဲမှုပြုလုပ်ခဲ့သည်။ ထိုအရာက ဖိုးသော် အားနည်းသော မြေပြင်ချုပ်ကွက် ကစားနည်းကို ယခင်ကထက် ကျွမ်းကျင်စွာ ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲအစမှာပင် Yohan Mulia Legowo ၏ အပူးအချုပ်ကို ဖိုးသော်ခံခဲ့ပြီး ထိုအရာကိုပင် ၄င်းက ပိုကျွမ်းကျင်စွာ ကစားနိုင်ကြောင်း ချက်ချင်းပင် သက်သေပြခဲ့သည်။ Yohan Mulia Legowo ၏ အပူးအချုပ် ဖြည်ခဲ့သည်။ ချက်ချင်းပင် ခံစစ်မှ တိုက်စစ်ကို ကူးပြောင်းနိုင်ခဲ့သည်။ ခံစစ်မှ တန်ပြန်တိုက်စစ်ကိုပင် မသွားဘဲ တိုက်စစ်သို့ တိုက်ရိုက်ကူးပြောင်းကာ Yohan Mulia Legowo ၏ အပူးအချုပ်ဖြည်သည်။ လက်သီးချက်များဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးစားခဲ့သည်။

■ နည်းဗျူဟာမြောက် တိုက်ခိုက်မှု

ယခုအချက်သည် ဖိုးသော်၏ ကစားသမားဘဝသက်တမ်းတစ်လျှောက် တွေ့မြင်ရမြဲ ဉာဏ်ရည်သုံးကစားနိုင်ခြင်းဖြစ်သည်။ ဖိုးသော်သည် ပြိုင်ဘက်များ၏ တိုက်ခိုက်ပုံကိုသုံးသပ်ကာ နည်းဗျူဟာ ချက်ချင်းချမှတ်နိုင်သည်။ စောဘဦးကိုလည်း ဒီပုံစံအတိုင်းတိုက်ခိုက်ခဲ့သည်။ ဆော်ဆေး၏ အထနှေးမှုကိုသိမြင်ပြီး စောစောပွဲသိမ်းရန် ကြိုးစားခဲ့သည်။

Yohan Mulia Legowo သည် ဖိုးသော်ကိုချုပ်သည် ဖိုးသော်က အချုပ်ကိုဖြည်သည်။ အချုပ်ဖြင့် အနိုင်ယူ၍ ပွဲသိမ်းရန်ကြိုးစားသည်။ လူချင်းအကွာတွင် သက်လုံကျသွားသော Yohan Mulia Legowo ကို လက်သီးတွဲလုံးများဖြင့် ထိုးသည် ၊ လက်၏ ဘယ် ညာလှုပ်ရှားမှုကို ဟန်ချက်ညီညီ အသုံးပြုကာရိုက်သည်။

ဒုတိယအကြိမ် Yohan Mulia Legowo နှင့် ပြန်ပူးမိသည်။ ချုပ်မိသည်။ လူချင်းပြန်ခွာသည်။ကြံ့ခိုင်မှု သုညအောက်ရောက်သွားသော Yohan Mulia Legowoကို ပထမတိုက်ခိုက်မှုအတိုင်း လက်၏ ဘယ် ညာလှုပ်ရှားမှုကို ဟန်ချက်ညီညီ အသုံးချပြီး တရစပ်ထိုးခဲ့သည်။

ဖိုးသော်သည် ပြိုင်ဘက်၏ အားသာချက် အားနည်းချက်ကို မဟာဗျူဟာမြောက် သုံးသပ်နိုင်သူ အဖြစ် ယခုပွဲစဉ်က အတိအကျဖော်ပြသည်။Yohan Mulia Legowo ချုပ်သည့် အချိန်တွင် ပြိုင်ဘက်၏ ဖိအားပေးမှုမှ ဖြည်နိုင်ရုံသာ ရုန်းကန်သည်။အခွင့်သာမှ အားကုန်အသုံးပြုသည်။ ဖိုးသော် အားကုန်အသုံးပြုသည့်အခါ ပိုင်နိုင်စွာ မချုပ်နိုင်သေးသော Yohan Mulia Legowo ၏ ခွန်အားသည် မတန်တဆပို အသုံးပြုရသည်။ ထို့ကြောင့် သက်လုံအရင်ကုန်သွားသူက Yohan Mulia Legowo ဖြစ်ခဲ့သည်။ အချုပ်မှ ပြေချိန်တွင် လက်သီးသုံးရန် ဖိုးသော်မှာ ခွန်အားကျန်သည်။ Yohan Mulia Legowo တွင် ကြမ်းပြင်မှ ထရန်ပင် အားမရှိခဲ့ပေ။

■သက်လုံနှင့် အဆုံးသတ်နိုင်မှု စွမ်းရည်

Yohan Mulia Legowo ကြမ်းပြင်မှထရန်ပင် အားမရှိတော့သည့်အချိန်တွင် ဖိုးသော်အတွက် အဆုံးသတ်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။ အဆိုပါအချက်သည် ဖိုးသော် မှ မဟုတ် ကိုုယ်ခံပညာရှင် အားကစားသမားတိုင်း အသုံးပြုသော ပြိုင်ဘက်ကို စဉ်ဆက်မပြတ်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ Yohan Mulia Legowo ၏ သက်လုံမရှိတော့ချိန်တွင် ဖိုးသော်တွင်လည်း အဆုံးသတ်ရန် ခွန်အားအများကြီး မကျန်ရှိတော့ပေ။ ဖိုးသော် မောနေခဲ့သည်။ သို့သော် ကိုယ်ခံပညာ ကစားသမားပီပီ ၎င်း၏ သက်လုံကို ပြန်တွန်းတင်နိုင်ခဲ့သည်။

ဒုတိယအကြိမ်လူချင်း ပြန်ခွာချိန်တွင် ကြမ်းပြင်မှာရှိသူက Yohan Mulia Legowo၊ ဖိအားပေးမည့်သူက ဖိုးသော်ဖြစ်နေသည်။ ဖိုးသော် ရှိသမျှအားဖြင့် အစွမ်းကုန် ရုန်းကန်လိုက်ရပုံပေါ်သည်။ ဘယ်၊ညာ လက်သီးတွဲလုံးဖြင့် Yohan Mulia Legowoအပေါ်မှ ဖိထိုးသည်။ လက်သီးဖြင့် အပေါ်မှ တိတိကျကျထိုးသတ်သည်။

ဒုတိယ အကြိမ် လူချင်းအကွာတွင် Yohan Mulia Legowo မျက်နှာပြင်သည် သွေးချင်းချင်းရဲနေခဲ့သည်။ ဖိုးသော်၏ လက်သီးချက်များက တိတိကျကျပင် Yohan Mulia Legowo ကို ထိခိုက်စေခဲ့သည်။

ပထမအချီမပြီးဆုံးမီ စက္ကန့်ပိုင်းအလိုမှာပင် ဖိုးသော်သည် Yohan Mulia Legowo ကို အလဲထိုးပြီး အနိုင်ရခဲ့သည်။ ယခုပွဲစဉ် အနိုင်ရရှိခဲ့သော ဖိုးသော် သည် ၄င်း၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားဘဝသက်တမ်း တစ်လျှောက် (၇)မြောက်နိုင်ပွဲကို ရှာတွေ့ခဲ့ခြင်းဖြင့် ၂၀၁၉ ခုနှစ်ကို စတင်နိုင်ခဲ့ပြီဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly