ဆီးရီးယားတွင် ရုရှ၏လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ရှိ၊ ပြည်တွင်းစစ်ကို အရှိန်မြင့်စေနိုင်ဟု အနောက်နိုင်ငံများသတိပေး

ဆီးရီးယားတွင် ရုရှ၏လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ရှိ၊ ပြည်တွင်းစစ်ကို အရှိန်မြင့်စေနိုင်ဟု အနောက်နိုင်ငံများသတိပေး

ပါရီ၊ အောက်တိုဘာ ၃ ။          ။ ဆီးရီးယားတွင် ရုရှ၏လေကြောင်းတိုက်ခိုက်မှုမှာ အောက်တိုဘာ ၂ တွင် တတိယမြောက်နေ့သို့ရောက်ရှိခဲ့ပြီး ၎င်းတို့၏တိုက်ခိုက်မှုမှာ အိုင်အက်စ် အစွန်းရောက်များကို ပစ်မှတ် ထားခြင်းဖြစ်သည်ဟု ရုရှက ပြောသည်။ သို့သော်လည်း ရုရှသမ္မတဗလာဒီမာပူတင်မှာ ၎င်း၏စစ်ဆင်ရေးများနှင့် ပတ်သက်၍ မြင့်မားလာသည့် နိုင်ငံတကာဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

၎င်းတို့၏လေယာဉ်များသည် အောက်တိုဘာ ၂က အိုင်အက်စ်ပစ်မှတ်များကို ဗုံးခြောက်ကြိမ်ကြဲချခဲ့သည်ဟု ရုရှကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် ကရင်မလင်ကပြောကြားခဲ့သည်။ ထို့အပြင်အိုင်အက်စ်၏ အစွန်းရောက်ပြိုင်ဘက် အယ်လ်ခိုင်ဒါ၏ ဆီးရီးယားအဖွဲ့ခွဲ အယ်လ်နပ်ဆရာတပ်ဦးအဖွဲ့ကိုလည်း ထိမှန်အောင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ရုရှသည် ၎င်း၏ကာလရှည်မဟာမိတ် ဆီးရီးယားသမ္မတဘာရှားအယ်လ်အာဆတ်ကို ကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် အာဆတ်ကိုဆန့်ကျင်နေသည့် သူပုန်အုပ်စုများကို တိုက်ခိုက်နေ မည်ကို အနောက်နိုင်ငံများက စိုးရိမ်လျက်ရှိသည်။

ဆီးရီးယားအြတိုက်အခံအဖွဲ့အစည်းများအား တိုက်ခိုက်မှုရပ်တန့်ရန် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ရုရှကို တိုက်တွန်းလျက်ရှိသည်။ ရုရှ၏တိုက်ခိုက်မှုက လူ၂၅၀,၀၀၀ အထိသေဆုံးသွား ပြီဖြစ်သော လေးနှစ်ကြာပြည်တွင်းစစ်ကို အရှိန်မြင့်စေနိုင်သည်ဟုလည်း သတိပေးခဲ့သည်။

" ရုရှရဲ့ စစ်ရေးအရ ဒီလိုအရေးယူတိုက်ခိုက်မှုတွေက အစွန်းရောက်ဝါဒနဲ့ အခြေခံဝါဒကို ပိုပြီးတော့သာ မီးထိုးပေးရာရောက်ပါလိမ့်မယ်" ဟု အမေရိကန်၊ တူရကီနှင့် ဆော်ဒီအာရေး ဘီးယား အပါအဝင်နိုင်ငံပေါင်း ခုနှစ်နိုင်ငံက ကြေညာချက်တစ်ခုထုတ်၍ ပြောကြားခဲ့သည်။ ဆီးရီးယားအတိုက်အခံနှင့် အရပ်သားများကို တိုက်ခိုက်မှုအား ချက်ခြင်းရပ်တန့်ရန်လည်း ကြေညာချက် တွင်ဖော်ပြထားသည်။

၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ရာကာရှိ အိုင်အက်စ်တို့၏ ခံတပ်ကို ထိမှန်ခဲ့ပြီး အကြမ်းဖက်လေ့ကျင့်ရေးစခန်းတစ်ခုနှင့် ကွပ်ကဲရေးစခန်းကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှက အစောပိုင်း ကကြေညာခဲ့ သည်။ အိုင်အက်စ်သည် အာဆတ်ကို တိုက်ခိုက်နေသော အုပ်စုများစွာထဲက တစ်ခုဖြစ်ပြီး ဆီးရီးယားအရှေ့ပိုင်းနှင့် အီရတ်မြောက်ပိုင်းရှိ နယ်မြေအများအပြား ကိုသိမ်းယူထားသည်။

မော်စကိုသည် အကြမ်းဖက်သမားများကို တိုက်ခိုက်သောစစ်ဆင်ရေးအဖြစ် အကြောင်းပြကာ အာဆတ်ကို ဆန့်ကျင်နေသည့် အလယ်အလတ်အုပ်စုများကို တိုက်ခိုက်နေသည်ဟု ဝါရှင်တန်နှင့် ၎င်း၏ မဟာမိတ်များက စွပ်စွဲလျက်ရှိသည်။

အလယ်အလတ်သူပုန်အုပ်စုအချို့ကို အမေရိကန်နှင့် မဟာမိတ်များက လက်နက်တပ်ဆင်ပေးခြင်း၊ လေ့ကျင့်ပေးခြင်းတို့ ပြုလုပ်ပေးနေသည်။ အိုင်အက်စ်အဖွဲ့တစ်ခုတည်းကိုသာ တိုက်ခိုက်မှုပြုလုပ်ရန် ပူတင်အား ပြင်သစ်သမ္မတအော်လွန်းက ပါရီတွင် တွေ့ဆုံစဉ်သတိပေးခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required