ရေနံချောင်းမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်

ရေနံချောင်းမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်

မကွေး၊ မတ် ၁၂ ။           ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို မတ်လ ၁၁ ရက်နေ့က တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံရကြောင်း ရေနံချောင်း မြို့မရဲစခန်းမှ သိရသည်။

ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ဆူးလေကုန်းကျေးရွာတွင် နေထိုင်သော ကို.....(၄၂)နှစ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရွာအပြင်စိုက်ခင်းသို့ ရေသွင်းရန်သွားရောက်ခဲ့ပြီးနောက် နေအိမ်သို့ ပြန်လာရာ၊ နေအိမ်တွင် ကျန်နေရစ်ခဲ့သည့် ဇနီးဖြစ်သူမ.....(၃၈)နှစ်မှာ၊မရှိတော့ဘဲ ပျောက်ဆုံးနေခဲ့ကြောင်း လိုက်လံရှာဖွေသော်လည်း မတွေ့ရှိရတော့ကြောင်း၊ ထိုသို့ လိုက်လံစုံစမ်းရှာဖွေနေစဉ် မ.....သည် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းဦး(၄၈)နှစ်၊နှင့်အတူ လွိုင်လင်မြို့သို့ ရောက်ရှိနေကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ထို့ကြောင့် ကို.....သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် လွိုင်လင်မြို့သို့ သွားရောက်စုံစမ်းခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မ.....နှင့်ကျမ်းကိုင်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် လွိုင်လင်မြို့ရှိ၊ မောရွှေလီတည်းခိုခန်း အမှတ်(၂၀၁) တွင် အတူတည်းခိုနေထိုင်ခဲ့ပြီး အခြားနေရာသို့ထွက်သွားကြောင်း လွိုင်လင်မြို့မှ ကို......၏ မိတ်ဆွေများ၏ ပြောကြားချက်အရ သိခဲ့ရသည်ဟု သိရသည်။

သို့ဖြစ်၍ ၎င်းနှင့် တရားဝင်ထိမ်းမြားအတည်ဖြစ်နေစဉ် ခိုးယူပေါင်းသင်းနေထိုင်သူ ဦးသန်းဦး(၄၈)နှစ်နှင့် ဇနီးဖြစ်သူ မ.......တို့အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရေနံချောင်းမြို့မရဲစခန်းမှ (ပ)အမှတ်၁၉၃/၂၀၁၉ ၊ တစ်လင်တစ်မယားဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

    
    
    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly