ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၃ )

By မျိုးသန့်(မဇ္စျိမ)
12 March 2019
ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၃ )

မင်္ဂလာပါ မဇ္ဈိမပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Mizzima Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား။   တွေ့ဆုံမေးမြန်းမယ့် သူကတော့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကို တည်ထောင်သူဖြစ်တဲ့ သူရဦးရွှေမန်းဖြစ်ပါတယ်ခင်ဗျား။

{သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၃ ) မှာတော့   ဖက်ဒရယ်အပြင် တစ်ခြားအဖွဲ့အစည်းတွေ အကြောင်း၊ ဖက်ဒရယ်စနစ်ကို လက်တွေ့အကောင်အထည် မဖော်နိုင်ဘူးဆိုလို့ရှိရင်ဘာတွေ ဖြစ်လာနိုင်မလဲ၊ လက်ရှိကျင့်သုံးနေတဲ့ရွေးကောက်ပွဲစနစ်နဲ့ ဖက်ဒရယ် ဆိုတာတွေကို ဆွေးနွေး ထားတာ ဖြစ်ပါတယ်။}

မေး။ ။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ထပ်ပြီးဖြည့်မေးပါရစေခင်ဗျား၊ ဖက်ဒရယ် နိုင်ငံထူထောင်ဖို့ ဆိုပြီးတော့ စဉ်းစားခဲ့တာပေါ့နော် ။ နောက်တစ်ခုက ဖက်ဒရယ်အပြင်ပေါ့ တစ်ခြားဘယ်လို အဖွဲ့အစည်းတွေများ ရှိသေးလဲခင်ဗျား။

ဖြေ။ ။ ဒီမေးခွန်းကလည်း အင်မတန်ကောင်းပါတယ် ဘာကြောင့်လဲ ဆိုတဲ့အခါမှာ တစ်ခါတစ်ခါမှာ ပြည်ထောင်စုသားတွေ နိုင်ငံသားတွေက မကွဲတာရှိပါတယ်။ ဖက်ဒရယ်၊ နောက်တစ်ခါ ဖက်ဒရေးရှင်း နောက်တစ်ခုကတော့ unitary state ။ မြန်မာလိုကတော့ ဖက်ဒရယ်ဆိုတာတော့ ပြည်ထောင်စုစနစ်ပေါ့။ နောက်ခုနက တစ်ပြည်ထောင်စနစ်ခေါ်တာပေါ့ ယူနီတရီစတိတ်၊ ဒါမျိုးလည်း တစ်ခြားနိုင်ငံတွေမှာ ကျင့်သုံးတာရှိပါတယ်၊ နောက်တစ်ခုကတော့ ခုနက စုစည်းပြီးတော့ ဖွဲ့စည်းထားတဲ့အဖွဲ့တွေလည်းရှိပါတယ်။ အဲ့ဒါကတော့ အင်္ဂလိပ်လိုကျရင် ဒီလိုပါ confederation ပေါ၊့ တစ်ခါတစ်ခါမှာ အဓိပ္ပါယ်နားမလည်လို့လား၊ သို့မဟုတ်ရင် ခုနက ရုတ်တရက်သတိလစ်လို့ ပြောလိုက်လို့လား၊ ဒါတော့ မသိဘူးပေါ့လေ။ အဲ့ဒီတော့ federal နဲ့ confederation ဟာ အများကြီးကွာခြားပါတယ်၊ အဲ့ဒီအထဲမယ် ဖက်ဒရယ်နဲ့ ခုနက တစ်ပြည်ထောင်စနစ်က ကွာခြားပါတယ်။ အဲ့ဒီတော့ ဖက်ဒရယ် ဆိုတာကို ခုနက ဆွေးနွေးခဲ့သလိုပေါ့လေ နိုင်ငံအများစုကျင့်သုံးနေပါတယ်။ ခုနကလည်း ဖော်ပြခဲ့ပါတယ်။  အမေရိက၊ ကနေဒါ၊ ပြီးရင် ဒီဖက်က အရှေ့ဖက်မှာဆို ဆွစ်ဇာလန်၊  ဂျာမနီ စသဖြင့် အာရှမှာလည်းရှိပါတယ် ဒါတော့ ဖော်ပြမယ်ဆိုရင် အများကြီးပါ။ ဒါတွေကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတာ။ နောက်တစ်ခါ တစ်ပြည်ထောင်စနစ်ကို ကျင့်သုံးတဲ့ဟာကတော့ အများကြီးပါ၊ အများကြီးပါဆိုတဲ့အခါမှာ အိမ်နီးနားချင်းနိုင်ငံတွေမှာလည်းအများကြီးရှိပါတယ် ကမ္ဘာမှာလည်းရှိပါတယ်၊ အင်္ဂလန်လို နိုင်ငံမျိုးလည်း ဒီလိုပဲ ကျင့်သုံးတယ်လို့ ပြောပါတယ်။ ဒါ တစ်ပြည်ထောင်။ အဲ့ဒါပြီးတဲ့အခါမှာ ဒီနေ့ ခေတ်စား။ တစ်ခါတစ်ခါ ပြောနေကြတဲ့ ကွန်ဖက်ဒရေးရှင်း။ ကွန်ဖက်ဒရေးရှင်းက တကယ်တမ်းကျတော့ အချုပ်အခြာအာဏာပိုင်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းက စုစည်းပြီးတော့ ဖွဲ့စည်းထားတဲ့ အဖွဲ့များပဲဖြစ်ပါတယ်၊ ဥပမာအားဖြင့် ထင်ရှားတဲ့အဖွဲ့အစည်းပြောရမယ်ဆိုရင် ဥရောပမှာ အီးယူပေါ့ အီးယူအဖွဲ့အစည်း အဲ့ဒီတော့ အာရှ မိမိတို့ နိုင်ငံမှာဆိုလို့ရှိရင် အာဆီယံပေါ့။ နောက်တစ်ခါ ဥရောပနဲ့ အခြားနိုင်ငံတွေနဲ့ ဆက်စပ်တာရှိပါတယ်၊ ဒါတွေက ဘာလဲဆိုရင် commonwealth ဒီလို စုစည်းထားတဲ့ဟာကျတော့ ကွန်ဖက်ဒရေးရှင်းခေါ်ပါတယ်။ ကွန်ဖက်ဒရေးရှင်းကို ထပ်ပြောရမယ်ဆိုရင် ကွန်ဖက်ဒရေးရှင်းဟာ သူက စုစည်းပြီးတဲ့အခါမှာ ခွဲထွက်လိုရင် ခွဲထွက်လို့ရတယ်။ သူက မူလကတည်းက အချုပ်အချာအာဏာပိုင်တာ ခွဲထွက်လို့ရတယ်။ အဲ့ဒီလို ခွဲထွက်လို့ ရတယ်ဆိုပေမယ့်လည်း ဒီနေ့ ဥပမာတစ်ခုပြောပြမယ် ဆွစ်ကွန်ဖက်ဒရေးရှင်း လို့ခေါ်တယ်။ ကြည့်မယ်ဆိုလို့ရှိရင် အချုပ်အချာအာဏာတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေကို စုစည်းထားတယ် ဆိုတဲ့အဓိပ္ပါယ်ရတယ်။ ဒါပေမယ့် ဒီနေ့ ဆွစ်နိုင်ငံ ကွန်ဖက်ဒရေးရှင်းလို့ နာမည်တပ်ထားသလဲ ဒီနေ့အတွက် ဖက်ဒရယ်ကို ကောင်းစွာကျင့်သုံးနေပြီ၊ ဘာကြောင့်လဲဆိုတဲ့အခါမှာ မူလကွန်ဖက်ဒရေးရှင်းဆိုတဲ့ နေရာမှာ တစ်ဖြေးဖြေး ပိုပြီးတော့ ခိုင်မာအောင် ကောင်းမွန်အောင် ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ပို၍ ပို၍ လုပ်လာရင်းနဲ့ အဲ့ဒီ ဆွစ်ကွန်ဖက်ဒရေးရှင်းသည် ဒီနေ့ ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်လာတယ်။ ပြောရမယ်ဆိုရင် ပိုပေါင်းစည်းဖို့လိုတယ်။ ပြီးတဲ့အခါမှာ နိုင်ငံရဲ့ ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာတွေမြင့်မားဖို့ ဆောင်ရွက်တဲ့နေရာမှာ ပြည်ထောင်စုကလည်းလုပ်၊ ဗဟိုကလည်းလုပ်၊ ပြီးတဲ့အခါမှာ ခုနပြည်နယ်တွေကလုပ်ဆိုတဲ့ ဒီလိုလုပ်ရင်းလုပ်ရင်းနဲ့ ခုနက ကွန်ဖက်ဒရေးရှင်းလို့ ခေါ်တာကနေ နောက်ဆုံးကျတော့ ဖက်ဒရယ်ဖြစ်သွားတာလည်းရှိတယ်။ ဒါကြောင့်မို့လို့ ခုနပြောခဲ့သလိုပဲ ဖက်ဒရေးရှင်းနဲ့ ကွန်ဖက်ဒရေးရှင်းကိုလည်း ခွဲသိဖို့လိုပါတယ်။ နောက် ခုနက ပြောတဲ့ တစ်ပြည်ထောင်စု စနစ်ဆိုတာလည်း လေ့လာမယ်ဆိုရင်တော့ လေ့လာသင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

မေး။ ။ ကျွန်တော်တို့က စိတ်ဆန္ဒပဲရှိပြီးတော့မှ တကယ့်တကယ် မကျင့်သုံးနိုင်ရင်၊ ဒီဖက်ဒရယ်စနစ်ကို လက်တွေ့အကောင်အထည် မဖော်နိုင်ဘူးဆိုလို့ရှိရင် ဥပမာဆိုကြပါစို့ လက်နက်ကိုင်ပဋိပက္ခတွေ ဒါထက် ဖြစ်လာမယ် ပြီးလို့ရှိရင် ခုနပြောသလို ခွဲထွက်တာမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့   ယူဆချက်အတွေးကရော ခင်ဗျား။

ဖြေ ။ ။ အဲ့ဒီတော့ ဒီနေရာမှာ သူ့ရဲ့သဘောတရားကို ပြန်ကြည့်မယ်ဆို ဖက်ဒရယ်ဆိုတာ ပေါင်းစည်းနေထိုင်ဖို့။ ပေါင်းစည်းနေထိုင်ဖို့ လုပ်တဲ့နေရာမှာ ခွဲထွက်ဖို့ ပါလာတယ်ဆိုလို့ရှိရင်တော့ ဖက်ဒရယ်မဟုတ်တော့ဘူး။ ခုန အနီးစပ်ဆုံးပြောရမယ်ဆိုရင် ကွန်ဖက်ဒရေးရှင်းဖြစ်သွားပြီ၊ ဒါကြောင့်မို့လို့ ခုနက ဒီနေ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အချုပ်အခြာအာဏာကို အဲ့ဒီဒေသအလိုက် အဲ့ဒီတိုင်းအလိုက် ပိုင်ထားတာမဟုတ်ဘူး။ အချုပ်အခြာအာဏာက ဒီပြည်ထောင်စုသားတွေဆီကလာတာ၊ ပြည်သူဆီကလာတာ၊ ဒါကြောင့်မို့လို့ အဲ့ဒီလိုစဉ်းစားလိုက်မယ် ဆိုတာနဲ့တစ်ပြိုင်နက် အမှားကြီးဖြစ်သွားမယ်၊ ဒါကြောင့်မို့လို့ ခုန ကွန်ဖက်ဒရေးရှင်း သို့မဟုတ်ရင်၊ ခုန ခွဲထွက်ရေးဆိုတဲ့ စကား အသုံးအနှုန်းနဲ့ ဒီဟာအတွက် ဦးတည်သွားမယ်ဆိုလို့ရှိရင်တော့ ဖက်ဒရယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒီတော့ ဖက်ဒရယ်ကို တကယ်သွားချင်တာလား၊ အားလုံးပေါင်းစည်းပြီး နေပြီးတဲ့အခါမှာ သူ့ဒေသအကျိုး ပြည်ထောင်စုရဲ့အကျိုးကို စဉ်းစားပြီး လုပ်ရတယ်။ သူ့ဒေသအကျိုးကို စဉ်းစားပြီးလုပ်တဲ့အခါမှာ သူ့ဒေသတစ်ခုတည်းတင်မဟုတ်ဘူး၊ ပြည်ထောင်စု၊ ပြည်ထောင်စုအဖွဲ့မှာပါဝင်တဲ့ ခုနက တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ အကျိုးကိုလည်း မထည့်ဘူး။  ငါ့ဒေသအကျိုး ကောင်းအောင်လုပ်တာပဲ ဆိုပြီးတဲ့အခါမှာ ကျန်တဲ့ ဒေသကိုသွားပြီးတော့ ထိခိုက်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့ ဖက်ဒရယ်ရဲ့ အနစ်သာရတွေ ပျက်သွားနိုင်တဲ့အနေအထား။ ဒါကြောင့်မို့လို့ ခုနက ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာများလဲ ဆိုရင်တော့ ကောင်းကျိုးများပါတယ်။ ဆိုးကျိုးရှိရင်တော့ ရှိလိမ့်မယ်၊ ဒါပေမယ့် လောလောဆယ်တော့ မိမိအနေနဲ့ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတာ လောလောဆယ်တော့ တွက်ဆထားတာမရှိဘူး။ တကယ်တမ်းတာ ဖက်ဒရယ်ကို ယုံကြည်တယ်၊ ဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်တော့ ကောင်းကျိုးတွေပဲ အများဖြစ်နိုင်မယ်လို့ ဒီလိုပဲ ခံယူထားပါတယ်။

မေး။ ။   ဒီဖက်ဒရယ်စနစ်ကိုသွားဖို့ အတွက်ရော အဓိကလိုအပ်ချက်တွေ ပြုပြင်သင့်တဲ့ဟာတွေ   ပြောခဲ့ပြီးပြီ။ ဖက်ဒရယ်စနစ်နဲ့လည်း ပတ်သက်ပြီးတော့ တော်တော်လေးဆွေးနွေးခဲ့ပြီးပြီ ဆိုတော့ ကျွန်တော်တို့ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီးတော့   ဆက်မေးပါရစေ။ ကျွန်တော်တို့ အခုလက်ရှိကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်က ဖက်ဒရယ်နိုင်ငံကိုသွားမယ်ဆိုလို့ရှိရင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အတွက် သင့်တော်တဲ့ရွေးကောက်ပွဲလား၊ ဒါမှမဟုတ်ရင် ဘယ်လိုမျိုး ရွေးကောက်ပွဲစနစ်ပေါ့နော်။ ရွေးကောက်ပွဲစနစ်က ပြောင်းဖို့လိုသေးသလားခင်ဗျား။

ဖြေ။ ။ ဒီလိုဆိုရင်တော့ ရွေးကောက်ပွဲစနစ်ကို နဲနဲလေး ပြောချင်ပါတယ်။ ရွေးကောက်ပွဲမှာ နိုင်သူအကုန်ယူပေါ့ အင်္ဂလိပ်လိုတော့ First- past- the- post နော်၊ တစ်ချို့ကလည်း winner take all လို့ခေါ်ပါတယ်။ ဒီဟာက ရွေးကောက်ပွဲမှာ သူက ရသမျှ သူကနိုင်တယ်ဆိုလို့ရှိရင် အကုန်လုံးသူက ယူလိုက်တာပဲ။ ဒါကတော့ ဒီနေ့မြန်မာနိုင်ငံမှာ ကျင့်သုံးနေတယ်၊ ပြီးတဲ့အခါမှာ တစ်ခြားတစ်ချို့နိုင်ငံတွေမှာလည်း ကျင့်သုံးနေတယ်၊ တစ်ချို့နေရာကျတဲ့အခါကျတော့ PR လို့ခေါ်တယ်။ PR အဲ့ဒီစနစ်ကိုကျင့်သုံးနေတယ်။ အဲ့ဒီအခါကျတော့ နိုင်သူအကုန်ယူမဟုတ်ဘူး၊ အဲ့ဒီမှာ အချိုးအစားအားဖြင့် ဘယ်သူက ဘယ်လောက်ရသင့်တယ် ဆိုတာ ဒါမျိုးတွေ ကျင့်သုံးပါတယ်။ အဲ့ဒီ PR စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေကတော့ ရွေးကောက်ပွဲစနစ်ကျင့်သုံးတဲ့ နိုင်ငံတော်ကြား စသဖြင့်ပေါ့လေ ဒီဖက်ကရှိပါတယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံမှာ ဒီနေ့ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးတာကတော့ ခုနက နိုင်သူအကုန်ယူ ဒီလိုစနစ်ကျင့်သုံးပါတယ်။ ဒါကြောင့် ခုန ဖက်ဒရယ်ကို သွားမယ်ဆိုတဲ့အခါမှာ ရွေးကောက်ပွဲစနစ်ကြောင့်ပေါ့လေ ထိခိုက် နိုင်လားဆိုတဲ့ မေးခွန်း အဓိပ္ပါယ်ပါတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ မထိခိုက်နိုင်ပါဘူး ၊ဘာကြောင့်လဲ ဆိုတဲ့အခါမှာ ခုနက အမေရိကန်နိုင်ငံလို အခြားနိုင်ငံတွေမှာလည်း ခုနက ဒီမိုကရေစီနိုင်ငံတွေက ဖက်ဒရယ်နိုင်ငံတွေက ရွေးကောက်ပွဲ ဒီစနစ်နဲ့ပဲ လုပ်နေတာလည်း အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ ထည့်စရာအကြောင်း မရှိပါဘူး အခုလိုပဲ ဖြေချင်ပါတယ်။

မေး။ ။   ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ဖြည့်ပြောချင်တာရှိရင် ပြောပါခင်ဗျား။  

ဖြေ။ ။ ဖက်ဒရယ်နဲ့ ပတ်သက်လို့ အထူးတော့လည်း ဖြည့်စရာ မရှိဘူး။ ခုနက ပြောခဲ့တဲ့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တဲ့နေရာမှာ တစ်ချို့လည်း တစ်ပြည်ထောင်စနစ် ကျင့်သုံးနေတာတွေ ရှိတယ်။ တစ်ပြည်ထောင်စနစ်ကျင့်သုံးတဲ့နေရာမှာ ခုနက ဖက်ဒရယ်ရဲ့ အနစ်သာရတွေ ပါတဲ့ နိုင်ငံတွေလည်း အများကြီးရှိပါတယ်။ ဥပမာအားဖြင့်   အိန္ဒိယနိုင်ငံမှာ၊ အိန္ဒိယနိုင်ငံက ခုနက ဒီနေ့ သူတို့ရဲ့ အခေါ်ကတော့ ကွာဆိုင်းဖက်ဒရယ်လို့ ခေါ်ပါတယ်၊ တစ်ဝက်တစ်ပျက် တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်လို့လည်း ပြောလို့ရပါတယ်။ အဲ့ဒီတော့ အိန္ဒိယနိုင်ငံဟာ အင်မတန်မှ လူဦးရေများပါတယ်။ နောက်တစ်ခါ ကိုးကွယ်တဲ့ ဘာသာအယူအဆလည်း တော်တော်များပါတယ် ၊ အဲ့ဒီအတိုင်းပဲ ပြောဆိုတဲ့စကားကလည်း အင်မတန်များပါတယ်၊ အဲ့ဒီလိုများတဲ့ ဒီမိုကရေစီနိုင်ငံကြီးကို ကွာဆိုင်းဖက်ဒရယ်လို့ခေါ်တဲ့ တစ်ဝက်တစ်ပျက် ဖက်ဒရယ်ကို ကျင့်သုံးတဲ့အတွက် ဒီနေ့ အိန္ဒိယနိုင်ငံ သူ့နည်းသူ့ဟန်နဲ့ တိုးတက်နေတယ်လို့ပဲ ပြောလို့ရပါတယ်၊ ဒါက ဖက်ဒရယ်ကိုယ်နှိုက်က အပြည့်အစုံရယ်၊ နောက်တစ်ဝက် တစ်ပျက်ရယ်။ အဲ့ဒီနည်းတူပဲ ခုနက ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေရှိပါတယ်။ သို့ရာတွင် အဲ့ဒီနိုင်ငံတွေမှာလည်း သူက ဖက်ဒရယ်ရဲ့ အင်္ဂါရပ်တွေ ပါဝင်ပြီး လုပ်နေတာတွေ့ရမယ်၊ အင်္ဂလန်နိုင်ငံမှာ ပြန်လေ့လာမယ်ဆိုလည်း ခုနက ပြည်နယ်တွေရှိကြတယ်။ ဝုဒ်တို့ စကော့တလန်တို့၊ နောက် အင်္ဂလန်၊ အင်္ဂလန်ဆိုတဲ့နေရာမှာ UK ကို ပြောတာပါ။ သူတို့ ဆီမှာလည်း ခုနပြောတဲ့ ဖက်ဒရယ်လို ကျင့်သုံးမှုတွေလည်း တွေ့ခဲ့တာဖြစ်ပါတယ်။ ဒီထက် ပိုပြီးတော့  နီးကပ်တဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုလို့ရှိရင်လည်း ခုနက တိုင်းပြည်ထဲမှာ ပြည်နယ်တွေရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှိတယ်၊ အထူး အုပ်ချုပ်ခွင့် ဒေသတွေရှိတယ် အစသဖြင့်ပေါ့လေ။ ဒါမျိုးတွေ ရှိပြီးတဲ့အခါမှာ ပြည်နယ်လည်း ပြည်နယ်အလျှောက် ပြည်နယ်အောက်မှာရှိတဲ့ ပြည်နယ်ခွဲတွေ ပြည်နယ်အလျှောက်၊ ဒီလိုပဲ ခုနက လုပ်ပိုင်ခွင့်အာဏာ၊ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ခုနက အုပ်ချုပ်ခွင့် အာဏာတွေကိုလည်း သူ့ဟာသူခွဲဝေ အသုံးပြုထားရတဲ့ အတွက်၊ ဒါ ဖက်ဒရယ်ဆိုတဲ့ စကားပါမှ ဖက်ဒရယ်လုပ်တာမဟုတ်ဘဲနဲ့ ဖက်ဒရယ်ရဲ့ အပြုအမူတွေကို ဆောင်ရွက်တဲ့နိုင်ငံလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် လေ့လာမယ်ဆိုလည်း အများကြီးတွေ့ကြရတယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ကိုပြောရမယ်ဆိုရင် ဖက်ဒရယ်ဆိုတာက ဖက်ဒရယ်များများလုပ်နိုင်လေ ဒီမိုကရေစီများများထွန်းကားတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီများများ လုပ်နိုင်လေ တိုင်းပြည်ရဲ့ ညီညွတ်မှုအားတွေရတယ်၊ တိုင်းပြည်ရဲ့ ညီညွတ်မှု အားတွေရလေ တိုင်းပြည်အတွက် ထူထောင်ဖို့အတွက် အခွင့်အလမ်းတွေရတယ်။ အဲ့ဒီလို ထူထောင်ဖို့ အခွင့်အလမ်းတွေက တိုင်းပြည် ကြီးပွားတိုးတက်လိမ့်မယ်၊ တိုင်းပြည်လို့ပြောတဲ့အခါမှာ တိုင်းပြည်မှာရှိတဲ့ ပြည်သူများဟာလည်း မိမိရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးတွေကို မှန်မှန်ကန်ကန် တစ်ဦးချင်း တစ်ဦးချင်း အသုံးပြုနိုင်ခြင်းသည်လည်း ဒီမိုကရေစီရဲ့ အစိတ်အပိုင်းဖြစ်လို့ ဖက်ဒရယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ် ။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ဟာ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အတွက် အစမှာ မေးခဲ့သလိုပဲ ဖက်ဒရယ်ဆိုတာကို ရှေ့မှာတင်ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ၊ ဖက်ဒရယ်များများကျင့်သုံးလေ ဒီမိုကရေစီများများ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို များများကျင့်သုံးလေ နိုင်ငံစည်းလုံးညီညွတ်မှု ရလေဆိုတဲ့ဟာကို ခုနက ဖြေခဲ့သလိုပဲ ဘာကြောင့် ဒီလိုရှေ့တင်ပြီး ရေးရတယ် ဆိုတဲ့အကြောင်းလည်း ထပ်ပြီးတော့ ရှင်းလင်းပြောရခြင်းဖြစ်ပါတယ်။   ။

( ဆက်ရန် )

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း(၁) အပြည့်အစုံ - http://www.mizzimaburmese.com/article/55141

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၂ ) အပြည့်အစုံ - http://www.mizzimaburmese.com/article/55185

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly