‘ပီရက်ဇ်ကို ကျနော် ချစ်ခင်သလို၊ အသင်းကိုလည်း ချစ်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ရှိနေတာပါ။’ - ဇီဒန်း

‘ပီရက်ဇ်ကို ကျနော် ချစ်ခင်သလို၊ အသင်းကိုလည်း ချစ်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ရှိနေတာပါ။’ - ဇီဒန်း
Photos: AFP

ဇီဒန်းက ရီးယဲလ်မက်ဒရစ်အသင်းကို တစ်ကျော့ပြန် ရောက်ရှိလာတဲ့အပေါ် သူဟာ ဘယ်တော့မှ ဘာသံသယမှ မဖြစ်မိခဲ့ဘူးလို့ တနင်္လာနေ့က ဆိုလာရီကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခံရပြီးနောက် ပြောဆိုလိုက်ပါတယ်။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဇီဒန်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး စပိန်လက်ရွေးစင်နည်းပြ လိုပယ်တယ်ဟီကို ခန့်အပ်ခဲ့ပေမယ့်လည်း ရလဒ်တွေ ဆိုးရွားခဲ့တဲ့အတွက် အသင်းကစားသမားဟောင်း ဆိုလာရီကို ပြီးခဲ့တဲ့အောက်တိုဘာအတွင်း အစားထိုးခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့် ဆိုလာရီလက်ထက်မှာလည်း အသင်းဟာ တည်ငြိမ်မှုမရှိခဲ့ဘဲ ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ရမယ့် အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရပြီးနောက် ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က နည်းပြအပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

"ဥက္ကဋ္ဌက ကျနော့်ကို လှမ်းခေါ်လိုက်တဲ့အချိန်မှာ ပထမဆုံး ကျနော် စဉ်းစားခဲ့တာက သွားမယ်ဆိုတာပါပဲ။"လို့ ဇီဒန်းက စန်တီယာဂို ဘာနေဗျူးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "ကျနော် နိုးလို့ မငြင်းဆိုနိုင်ပါဘူး။ ကျနော် ပြန်လာရမယ့်ကိစ္စအတွက် ဘာသံသယမှ မရှိခဲ့ပါဘူး။"

ဇီဒန်းဟာ ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဖလား ၃ ရာသီဆက်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်က ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် သူဟာ ၉ လအကြာမှာပဲ အခုလို တစ်ကျော့ပြန်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးယဲလ်အသင်းနဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

"ကျနော်တို့ ဆုဖလားတွေ တော်တော်များများ ဆွတ်ခူးပြီးတဲ့နောက်မှာ လူတိုင်းအတွက် ကောင်းမွန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ရာသီကုန်မှာ အပြောင်းအလဲတစ်ခု လိုအပ်ခဲ့တာကြောင့် ကျနော်ဟာ အသင်းကနေ ထွက်ခွာခဲ့တာပါ။"

"ဥက္ကဋ္ဌက ကျနော်ကို ခေါ်ခဲ့လို့ ကျနော် ပြန်လာခဲ့တယ်။ ပီရက်ဇ်ကို ကျနော် ချစ်သလို၊ ကလပ်အသင်းကိုလည်း ချစ်ပါတယ်။ ဒါ့ကြောင့် ကျနော် ဒီနေရာမှာ ရှိနေတာပါ။"

"ပြန်ရောက်လာနိုင်လို့ ဝမ်းမြောက်ပါတယ်။ ကျနော်ဟာ ဒီမှာ နေထိုင်တာကြောင့် အဝေးကြီးကို မသွားနိုင်ခဲ့ပါဘူး။ ဒီကြီးကျယ်တဲ့ အသင်းမှာ အလုပ်လုပ်ဖို့ ပြန်ရောက်လာလို့ ကျနော် အလွန်ပျော်ရွှင်မိပါတယ်။"

"ကျနော်တို့ ဘာတွေ အောင်မြင်ခဲ့တယ်ဆိုတာကို ကျနော် မေ့ပျောက်ဖို့ မလိုလားပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ကျနော်တို့ဟာ ရလဒ်တွေ ဆိုးရွားလွန်းခဲ့ပြီး ဒီအရာအားလုံးကိုလည်း ကျနော် မေ့နိုင်မှာ မဟုတ်ပါဘူး။  ကျနော်တို့ဟာ လိဂ်ဖလားနဲ့ ဘုရင့်ဖလားတွေကို လက်လွတ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပါတယ်။ ကောင်းပါပြီ။ ဒါပေမယ့် ကျနော် ဘယ်နေရာမှာဆိုတာ သိပါတယ်။

"ကျနော်တို့ဟာ လာမယ့်နှစ်တွေမှာ သေချာဖို့အတွက် ပြောင်းလဲမှုတွေ ပြုလုပ်ရပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာတော့ မဟုတ်သေးပါဘူး။ အရေးကြီးတဲ့ အရာက ကျနော် ပြန်ရောက်လာတာပဲဖြစ်ပါတယ်။ ကျနော်တို့ ဘာတွေ လုပ်နိုင်မလဲဆိုတဲ့အကြောင်းအရာတွေကို ဥက္ကဋ္ဌ၊ ကလပ်အသင်းနဲ့ ပြောဆိုဆွေးနွေးဖို့ ကျနော်တို့ အချိန်တွေ ရပါလိမ့်မယ်"လို့ ဇီဒန်းက ပြောပါတယ်။

မီဒီယာတွေက စီရော်နယ်လ်ဒို ပြန်ရောက်လာနိုင်သလားလို့ မေးမြန်းမှုကိုတော့ ဇီဒန်းက “လာမယ့်ရာသီမှာ စောင့်ကြည့်တာပေါ့”လို့ တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly