မြိုအမျိူးသားဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

မြိုအမျိူးသားဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၁ ။         ။ မြိုအမျိုးသားဒီမိုကရေစီပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စံမညိုက  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစာအပ်ပါသော ကျေးဇူးရှင်မိဘပြည်သူအပေါင်းတို့ရှင့်-

ကျွန်မတို့အား လုံးလက်ရှိပိုင်ဆိုင်ထားကြတဲ့ ဘဝအတိုင်းအတာလေးတစ်ခုမှာ မင်္ဂလာရှိတဲ့နေ့ရက်များ၊ မင်္ဂလာရှိတဲ့အချိန် အခါသမယများ နေ့စဉ်ရက်ဆက်ကြုံတွေ့ ခံစားကြပြီး တစ်ဦးချင်းစီတိုင်း ကိုယ်၏ကျန်းမာခြင်း ၊စိတ်၏ချမ်းသာခြင်းများစွာနှင့် ပြည့်စုံကြပါစေလို့ ''မြိုအမျိုးသားဒီမိုကရေစီပါတီ''ရဲ့ကိုယ်စား လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့စွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။

ကျွန်မကတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အမှတ်(၅) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း"ဒေါ်စံမညို''  ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ပါတီအနေနဲ့ ယခုရွေးကောက်ပွဲ ၌ကျောက်တော် မြို့နယ်၊မြောက်ဦးမြို့နယ် ဒေသတွေမှာ လွှတ်တော်(၃)ရပ်စလုံး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်ပါတယ်ရှင့်။

လေးစားအပ်ပါသော ကျေးဇူးရှင်မိဘပြည်သူအပေါင်းတို့ရှင့်-

ကျွန်မတို့လူမျိုးတွေဟာ ရခိုင်ရာဇဝင်အဆိုအရ ဘီစီ(၃၃၂၅) ပထမဓညဝတီမြို့တည် ''မာရာယုမင်း'' မတိုင်မီကစ၍ ယနေ့အချိန်ထိ သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက် ''ကျောချင်းကပ် ရင်ချင်းဆက်'' ပြီး အတူတကွ ဘဝရှင်သန်လာကြသော ''ရခိုင်တိုင်းရင်းသားမိဘပြည်သူများ''တို့နှင့် ကောင်းအတူ၊ ဆိုးအတူ၊ အေးတူပူအမျှ၊ သုခ၊ ဒုက္ခ၊ ခံစားချက်ပေါင်းစုံဖြင့် ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံ များနှင့် ရပ်တည်နေလာကြတဲ့ မြိုလူမျိုးများဖြစ်ကြပါတယ်။

လေးစားအပ်ပါသော ကျေးဇူးရှင်မိဘပြည်သူအပေါင်းတို့ရှင့်-

ယခုအချိန်မှာ ကျွန်မတို့နိုင်ငံရဲ့ သမိုင်းကြောင်းအရဖြစ်ပေါ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်မှာ ကျွန်မတို့မြိုလူမျိုးတွေအနေနဲ့ နိုင်ငံရေးအားဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို

ဖြစ်ထွန်းရေး၊ ဖွံ့ဖြိုးတိုးတက်သော လူမှုစီးပွားဘဝထူထောင်ရေး၊ တိုင်းရင်းသားလူမျိုးစု ပဋိပက္ခအရေး၊ ငြိမ်းချမ်းရေးစတဲ့ နိုင်ငံတော်အရေး၊ ပြည်နယ်ဒေသအရေးတို့ကို ဆောင်ရွက်ကြရာတွင် "မတူကွဲပြားမှု သဘောထားအမြင်လေးတွေကို ဘေးဖယ်ထားပြီး တူညီတဲ့သဘောထားအမြင်များ''နှင့်ပွင့်လင်းမြင်သာသော အမျိုးသားရေးမူဝါဒများ လက်ကိုင်ပြုကာ နိုင်ငံအကျိုးဒေသအကျိုး၊ အမျိုးသားအကျိုးများကို ''အုတ်တစ်ချပ် သဲတစ်ပွင့်''ပမာအခြားတိုင်းရင်းသားညီအစ်ကိုများနှင့်အတူ လက်တွဲပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဟူ၍ ခိုင်မာသောသန္နိဋ္ဌာန်များနှင့် လူမျိုးစုကိုယ်စားပြု''မြိုအမျိုးသား ဒီမိုကရေစီပါတီ'' ကိုထူထောင်ခြင်းဖြစ်ပါတယ်ရှင့်။

လေးစားအပ်ပါသော ကျေးဇူးရှင်မိဘပြည်သူအပေါင်းတို့ရှင့်ကျွန်မတို့မြိုအမျိုးသားဒီမိုကရေစီပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ဆက်လက်တင်ပြသွားပါမည်။ ပါတီရဲ့မူဝါသသဘော ထားကတော့

(၁) ကျွန်မတို့နှင့်ဆန္ဒသဘောထားထပ်တူထပ်မျှရှိကြသော အခြားနိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မိတ်သဟာရဖွဲ့ပြီး နိုင်ငံအကျိုး၊ ပြည်နယ်ဒေသအကျိုး၊ အမျိုးသားအကျိုးများကို ကြိုးပမ်းဆောင်ရွက်သွားမည်။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ တိုင်းရင်းသားလူမျိုးများစု၊လူနည်းစုတို့အကြား တန်းတူရည်တူရှိပြီး ပွင့်လင်းမြင်သာသော အမျိုးသားရေးမူဝါဒများဖြင့် အပြန်အလှန်စောင့်ထိန်း စေ့စပ်ညှိနှိုင်း မှုမှ စစ်မှန်သောဒီမိုကရေစီ၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးကို ကြိူးပမ်းသွားမည်။

(၃) ပြည်သူများသည် ကျေးဇူးရှင်''မိခင် ဖခင်''ဖြစ်ကြ၍ မိဘပြည်သူ များတို့အပေါ်ကျေးဇူးဆပ်နိုင်ရန် အစဉ်အမြဲ အလေးထားပြီး ကြိုးပမ်းသွားမည်။

(၄) ပြည်နယ်ဒေသ၌ ကောင်းအတူ၊ ဆိုးအတူ၊ အေးတူ၊ ပူအမျှ၊ ကောင်းတူဆိုးဖက် သုခ၊ ဒုက္ခပေါင်းစုံတို့ကို မျှဝေခံစားကြသောကျောချင်းကပ်၊ ရင်ချင်းဆက် တိုင်းရင်းသားညီအစ်ကိုများနှင့် အစဉ်အမြဲလက်တွဲပြီး ကျေးဇူးရှင်မိဘပြည်သူများတို့ရဲ့ ''ဘဝလုံခြုံအေးချမ်းမှု''ကို ကာကွယ်စောင့်ရှောက်သွားမည်။

လေးစားအပ်ပါသော ကျေးဇူးရှင်မိဘပြည်သူအပေါင်းတို့ရှင့်-

မြိုအမျိုးသားဒီမိုကရေစီပါတီရဲ့လုပ်ငန်းစဉ်များအနေနဲ့ ကတော့-

(၁) မည်သည့်လုပ်ငန်းမဆို အများဆန္ဒနဲ့အညီ ကောင်းမွန်သောနည်းလမ်းကောင်းများကို ရွေးချယ်ပြီး ဘုံရပ်တည်ချက်များ ချမှတ်ကာအကောင်အထည်ဖော်ဆောင်သွားပါမည်။

(၂) အမျိုးသားရေးအကျိုးကိုရှေးရှုးပြီး အပြုသဘောဖြင့်ဝေဖန် ပြောဆိုခြင်း၊ အကြံပြုခြင်း၊ စေစပ်ညှိနှိုင်းခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းများကို အစဉ်အမြဲ လက်ခံကြိုဆိုသွားပါမည်။

(၃) အမျိုးသားနိုင်ငံရေးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာ ပါဝင်လှုပ်ရှားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းမဲ့ လူငယ်များ တို့၏ ဘဝဒုက္ခကို နည်းလမ်းများ တီထွင်ကြံဆပြီး လူငယ်များဘဝမြှင့်တင်နိုင်ရေး ကြိုးပမ်းသွားပါမည်။

(၄) အခြေခံ လူတန်းစားများဖြစ်ကြတဲ့ တောင်သူလယ်သမားများ၊အလုပ်သမားများတို့၏ လူမှုဘဝအခက်အခဲ၊ အကျပ်အတည်း ဒုက္ခများကို ကြိုးပမ်းဖြေရှင်းသွားပါမည်။

(၅) အမျိုးသမီးများအခွင့်အလမ်း၊ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမှ ကာကွယ်စောင့်ရှောက်သွားပါမည်။

(၆) မိဘမဲ့၊ ဆင်းရဲနွမ်းပါသော ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေး၊ကျေးလက်ဒေသ၌ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ ဖွင့်လှစ်ရရှိနိုင်ရေးကြိုးပမ်းသွားပါမည်။

(၇) မြိုအမျိုးသားတို့ရဲ့ရာဇဝင်/နောက်ခံသမိုင်းကြောင်းများကို ဖော်ထုတ်ပြီးယဉ်ကျေးမှုဓလေ့ထုံးစံများ ပပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်သွားပါမည်။

လေးစားအပ်ပါသော ကျေးဇူးရှင်မိဘပြည်သူများအပေါင်းတို့ရှင့်ကျွန်မတို့ရဲ့ မြိုအမျိုးသားဒီမိုကရေစီပါတီအနေဖြင့် မိဘပြည်သူများလိုလားတောင့်တကြတဲ့ ဖွံ့ဖြိုးတိုးတက်သောလူမှု စီးပွားဘဝဖြစ်ထွန်းရေး ၊စစ်မှန်သောဒီမိုကရေစီစနစ်၊ စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုစနစ်နှင့်ငြိမ်းချမ်းရေးများရရှိအောင် ဆောင်ရွက်နိုင်မှသာလျှင် ကျေးဇူးရှင်မိဘပြည်သူများကို ကျေးဇူးဆပ်ရာရောက်ရှိနိုင်လိမ့်မည်ဟု ယုံကြည်မိပါ၍ မိဘပြည်သူများကို ကျေးဇူးဆပ်ကြဖို့ ''မြိုအမျိုးသားဒီမိုကရေစီပါတီ''ရဲ့အမှတ်တံဆိပ်သင်္ကေတ ''မောင်း''ပုံကို မဲပေးကြပါစို့လို့ မေတ္တာရပ်ခံအပ်ပါတယ်။

မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းလျက်ပါ။

အားလုံးကိုကျေးဇူးတင်ရှိပါတယ်။

မြိုအမျိုးသားဒီမိုကရေစီပါတီ

 ၁။  ပါတီအမည်  -  မြိုအမျိုးသားဒီမိုကရေစီပါတီ
 ၂။  ပါတီအမည်(English)  -  MRO NATIONAL DEMOCRACY PARTY (MNDP)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၆.၈.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  (၂၃)ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးမောင်မြထွန်းဦး၊ ဦးမောင်စံအောင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၈.၁၂.၂၀၁၄
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၆.၁.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၉.၂.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၈၀)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၄၄)၊ ဗုဒ္ဓဂါယာရပ်ကွက်၊ မြို့သစ်ရပ်၊ အောင်တပ်ရပ်ကွက်၊ မြောက်ဦးမြို့၊ ရခိုင်ပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၇၃၀၅၀၇၄၃ (ဦးမောင်မြထွန်း)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly