အင်ဒိုနီးရှားကလပ်ကို အိမ်ကွင်းမှာ အနိုင်ရရန် ပြင်ဆင်ထားဟု ရှမ်းယူနိုက်တက်နည်းပြချုပ် ပြော

အင်ဒိုနီးရှားကလပ်ကို အိမ်ကွင်းမှာ အနိုင်ရရန် ပြင်ဆင်ထားဟု ရှမ်းယူနိုက်တက်နည်းပြချုပ် ပြော
ဓာတ်ပုံ -Shan United FC

ရန်ကုန်၊ မတ်လ ၁၁ ။             ။ AFC Cup ပြိုင်ပွဲ၊ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် မတ်လ ၁၂ ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည့်ပွဲစဉ်တွင် အင်ဒိုနီးရှားကလပ် ပါစီဂျာဂျကာတာအသင်းကို အိမ်ကွင်းတွင် အနိုင်ရယူသွားရန် ပြင်ဆင်ထားသည်ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းသူက ပြောဆိုလိုက်သည်။

မတ်လ ၁၁ ရက်နေက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းရှိ မီဒီယာခန်းမဆောင်တွင် ပြုလုပ်သည့် ရှမ်းယူနိုက်တက် အသင်း နှင့် ပါဝီဂျာကာတာအသင်းပွဲစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ မနက်ဖြန်ကြရင် အင်ဒိုနီးရှားကလပ်အသင်းနှင့် ကန်ရမယ်။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ထက်မြင့်တဲ့ အသင်းတစ်သင်း နဲ့ ကန်ရမှာဆိုတော့ ကိုယ့်အိမ်ကွင်းမှ အနိုင်ရရှိဖို့ ပြင်ဆင်ထားပါတယ်။ ဘောလုံးပွဲဆိုတာက မိနစ် ၉၀ ပွဲပြီးမှပဲ နိုင်တယ်၊ ရှုံးတယ်ဆိုတာ ပြောလို့ရပါတယ်။ ကိုယ့်ဘက်ကတော့ ကောင်းအောင် ပြင်ဆင်ထားတယ်။ ပြိုင်ဘက်အသင်းကလည်း အသင်းကောင်းတစ်သင်းပါ။ ဘောလုံးပွဲကတကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်မယ်လို့ ထင်ပါတယ်” ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းသူက ပြောသည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ပါစီဂျာအသင်းတို့ ပွဲစဉ်ကို မတ်လ ၁၂ ရက်၊ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ကွင်းဝင်ကြေး အခမဲ့ ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ႔က AFC Cup ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ် ဖြစ်သည့် ဖိလစ်ပိုင်ကလပ် ဆဲရက်စ်နီဂရိုးစ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

AFP အုပ်စုအဖွင့်ပွဲစဉ်များတွင် နိုင်ပွဲနှင့် ဝေးကွာခဲ့ရာ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် ရှမ်းယူနိုက်တက် အသင်းအနေဖြင့် အနိုင်ပွဲရရှိရန် လိုအပ်နေသည်။ လက်ရှိတွင် အင်ဒိုနီးရှားကလပ်နှင့် ရင်ဆိုင်ရမည့် ရှမ်းအသင်း၏ အဓိကကစားသမား များဖြစ်သည့်  ဂိုးသမား သီဟစည်သူ (လက်)နှင့် ဒီဒီမာ(ဒူး) ဒဏ်ရာ ရရှိနေသည်။

မြန်မာကလပ်အသင်းများအနေဖြင့် ယှဉ်ပြိုင်ရမည့် အုပ်စုဒုတိယမြောက်ပွဲစဉ်များကို မတ်လ ၁၂ ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး နာဂါဝေါလ်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ အိုလံပစ် အားကစားကွင်းတွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် လည်းကောင်း၊  ရှမ်းယူနိုက်တက်အသင်းနှင့် အင်ဒိုနီးရှားကလပ် ပါစီဂျာဂျကာတာအသင်းတို့ ပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly