ချင်းအမျိုးသားတပ်ဦးမှ MMA ကစားသမားတီရဲလ်ထန်သို႔ ဂုဏ်ပြုလွှာ ပေးပို့

ချင်းအမျိုးသားတပ်ဦးမှ MMA ကစားသမားတီရဲလ်ထန်သို႔ ဂုဏ်ပြုလွှာ ပေးပို့

ရန်ကုန်၊ မတ် ၁၁ ။     ။ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ One: Regin OF Valor ပြိုင်ပွဲတွင် ပြိုင်ဘက် ကမ္ဘောဒီးယား တိုက်ခိုက်ရေးကစားသမား ရင်ဆာရုဒ်ကို ၃ ချီအထိ ထိုးသတ်ခဲ့ပြီး အနိုင်ယူခဲ့တဲ့

ချင်းတိုင်းရင်းသား တီရဲလ်ထန်ကို ချင်းအမျိုးသားတပ်ဦး(CNF)မှ ဂုဏ်ပြုလွှာ ပေးပို့ခဲ့ပါတယ်။

တစ်နိုင်ငံလုံးအပစ်အရပ်သဘောတူစာချုပ်(NCA) ကို လက်မှတ်ထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) အနေဖြင့် တီရဲလ်ထန်ကို  ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြောင်း ချင်းအမျိုးသားတပ်ဦး၏ ဥက္ကဋ္ဌက လက်မှတ်ရေးထားတဲ့ ဂုဏ်ပြုလွှာကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဂုဏ်ပြုမှတ်တမ်းလွှာတွင် “ သိုင်းပေါင်းစုံကစားသမား ချင်းအမျိုးသား Salai Tial Cung Thang (The Dragon Leg) သည် ပြည်ထောင်စုမြန်မာနိုင်ငံကို ကိုယ်စားပြုပြီး One Championship ၏ Reign OF Valor ပြိုင်ပွဲတွင် ပြိုင်ဘက်ကစားသမားကို ယှဉ်ပြိုင်ထိုးသတ်အနိုင်ယူတာကြောင့် ချင်းပြည်နယ်နှင့် မြန်မာနိုင်ငံ၏ အားကစားဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း” မှတ်တမ်းလွှာတွင် ဖော်ပြထားပါတယ်။

“တီရဲလ်ထန်အနေဖြင့် ချင်းပြည်နယ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အားကစားဂုဏ်ကို မြှင့်တင်ပေးခဲ့ကြောင်း ၊ နိုင်ငံတကာသိုင်းပေါင်းစုံအားကစားပြိုင်ပွဲ(MMA) တွင် ချင်းလူမျိုးထဲမှာ ပထမဦးဆုံး ယှဉ်ပြိုင် အနိုင်ရရှိသူ ဖြစ်ပါတယ်” လို့ ချင်းအမျိုးသားတပ်ဦးမှ ဂုဏ်ပြုမှတ်တမ်းလွှာတွင် ဖော်ပြထားပါတယ်။

ချင်းအမျိုးသားတပ်ဦး အနေဖြင့် တီရဲလ်ထန်ရဲ့ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုအပေါ် ဂုဏ်ယူ အသိအမှတ် ပြုကြောင်း ပါရှိပါတယ်။

အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံဖွား၊ ချင်းတိုင်းရင်းသား တီရဲလ်ထန်က  ယခင်က နပန်းပြိုင်ပွဲများတွင်သာ ထိုးသတ်ခဲ့ပြီး MMA (ကမ္ဘာကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲ) ကစားသမားဘဝ ပထမ ဦးဆုံးဝင်ရောက်ယှဉ်ပြိုင် ကာ အနိုင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly