အာဆင်နယ်တို့ ဆိုးလ်ရှားကို ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲတွေ့စေပြီး ထိပ်ဆုံး ၄ နေရာကို တက်လှမ်း

အာဆင်နယ်တို့ ဆိုးလ်ရှားကို ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲတွေ့စေပြီး ထိပ်ဆုံး ၄ နေရာကို တက်လှမ်း
Photos: AFP & EPA

ဆိုးလ်ရှားဟာ ယာယီနည်းပြဘဝ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲအဖြစ် တနင်္ဂနွေနေ့က အာဆင်နယ်အသင်းကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ပွဲအပြီး ဒီရလဒ်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ သူက ပြောပါတယ်။

ပွဲအစောပိုင်း ရှာကာရဲ့ အဖွင့်ဂိုးနဲ့ အူဘာမီယန်းရဲ့ ပင်နယ်တီဂိုးတွေကြောင့် ဂန်းနားတို့ဟာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အူနိုင်အမ်မရီရဲ့ အသင်းဟာ တတိယနေရာက စပါးအသင်းနဲ့ ၁ မှတ်သာ ကွာဟတော့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့် လမ်ကြောင်းပေါ် လျှောက်လှမ်းနိုင်တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ နောက်ဆုံးကျန်ရှိတဲ့ လိဂ်ပြိုင်ပွဲ ၈ ပွဲမှာ ထိပ်ဆုံး ၆ သင်းစာရင်းဝင် အသင်းတွေနဲ့ ရင်ဆိုင်ရမှာ မဟုတ်တော့တာကြောင့် ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ အခွင့်အရေးသာနေပါတယ်။

ဒါပေမယ့် လက်ကျန် ၈ ပွဲမှာ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတွေနဲ့ ကစားဖို့ ကျန်ရှိနေသးတဲ့ မန်ယူအသင်းအနေနဲ့ ဒီရှုံးပွဲကြောင့် ထိပ်ဆုံး ၄ စာရင်းဝင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ရတော့မှာဖြစ်ပါတယ်။

"ဒီရလဒ်နဲ့ ပတ်သက်ပြီး ကျနော် တကယ်ပဲ စိတ်ပျက်မိပါတယ်။ ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းမွန်ခဲ့ပါတယ်။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

"ဥပမာအနေနဲ့ အက်ဖ်အေပြိုင်ပွဲမှာ အာဆင်နယ်နဲ့ ကစားခဲ့တုန်းကထက် ကျနော်တို့ ဒီပွဲမှာ အခွင့်အရေးတွေ ပိုပြီး ဖန်တီးခဲ့ကြပါတယ်။ တကယ်တော့ အဖွင့်ဂိုးတွေဟာ ပွဲဘယ်လို ဖြစ်သွားမလဲဆိုတာ အမြဲတမ်း ပုံဖော်တတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ကြီးမားတဲ့ အခွင့်အရေးတွေရခဲ့ပြီး ကန်ချက်နှစ်ကြိမ်အထိ ဂိုးဘေး ချော်ထွက်ခဲ့သလို ဂိုးတိုင်လည်း နှစ်ကြိမ်ထိမှန်ခဲ့ပါတယ်။

ဒါက ပင်နယ်တီလို့ ကျနော် မထင်ပါဘူး။ ဒါက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါဟာ ပင်နယ်တီပေးလို့ရလောက်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး”လို့ သူက ပြောပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီကို အိမ်ကွင်း ပထမအကျော့မှာ ၀-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အဝေးကွင်းမှာတော့ ၁-၃ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဂန်းနားတို့ကတော့ ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ အဝေးကွင်းမှာ ရန်းနက်စ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် နောက်တစ်ဆင့်တက်နိုင်ရေးအတွက် ဒုတိယအကျော့ အိမ်ကွင်းမှာ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။

အမ်မရီက "ကျနော်တို့ ပွဲစဉ်တွေကို ခက်ခက်ခဲခဲ ကစားသွားရဖို့ ရှိနေပြီး ခြေစွမ်းတသမတ်တည်းကျဖို့က အလွန်းအရေးကြီးပါတယ်။ အခုအချိန်မှာတော့ ကျနော်တို့ တသမတ်တည်းဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမ့် ကျနော်တို့ တည်ငြိမ်ပြီး စိတ်ရှည်ဖို့ လိုအပ်ပါတယ်။"လို့ ပြောဆိုသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly