ကြက်ဝိုင်းဖမ်းဆီးရာ တိုက်ကြက်ဖ ငါးကောင်နှင့် ဆိုင်ကယ်အစီး လေးဆယ် ဖမ်းမိ

ကြက်ဝိုင်းဖမ်းဆီးရာ တိုက်ကြက်ဖ ငါးကောင်နှင့် ဆိုင်ကယ်အစီး လေးဆယ် ဖမ်းမိ
ဓါတ်ပုံ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

မကွေး၊ မတ် ၉ ။       ။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် မတ်လ(၈)ရက်နေ့က ကြက်တိုက်လောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တိုက်ကြက်ဖ(၅)ကောင်နှင့် ဆိုင်ကယ်အစီး(၄၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ၏အရှေ့တောင်ဘက် (၁)မိုင်ခွဲခန့်အကွာ ကတောင်းကုန်းမကျီးပင်အောက်၌ကြက်တိုက်လောင်းကစား ဝိုင်းပြုလုပ်နေကြောင်း ပခုက္ကူ ခရိုင်ရဲတပ်ဖွဲ့မှူး၏ ချပြသတင်းအရ ပခုက္ကူခရိုင်၊ မှုခင်း နှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် အောင်သန်း၊ ပခုက္ကူ ခရိုင် လုံခြုံရေးတပ်ခွဲမှ ရဲအုပ်နိုင်ဝင်း ဦးဆောင်သောအဖွဲ့ကသွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖမ်းဆီးရာတွင် မြိုင်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာတွင် နေထိုင်သော ကံလှိုင် ၅၄ နှစ်၊ အောင်တင် ၇၁ နှစ်၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာတွင် နေထိုင်သော ခင်မောင်ရွှေ ၃၂ နှစ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာတွင် နေထိုင်သော ကျော်ဆန်းနိုင် ၄၈ နှစ်တို့(၄)ဦးကို တိုက်ကြက်ဖ(၅)ကောင်၊ ကြက်တိုက် လောင်းကစားရာတွင် အသုံးပြုသည့် မြေအိုးငယ် (၁)လုံး၊ လက်ကိုင်ဖုန်း(၃)လုံး၊ စုစုပေါင်းဆိုင်ကယ် (၄၀)စီး၊ လောင်းကြေးငွေစက္ကူ ရောရာ ၂၁၉၅၅ဝကျပ်တို့နှင့် တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက် ကြက်တိုက်လောင်းကစားသူ ကံလှိုင်၊ အောင်တင်၊ ခင်မောင်ရွှေနှင့် ကျော်ဆန်းနိုင်တို့ (၄)ဦးအား မြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၃၆၆/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly