ထန်းကိုင်းရေနံမှော် မီးလောင်ကျွမ်းမှု မီးသတ်ကား(၁၃)စီးဖြင့်ငြိှမ်းသတ်နေသော်လည်း မငြိမ်းသေး

By သက်နောင်
09 March 2019
ထန်းကိုင်းရေနံမှော် မီးလောင်ကျွမ်းမှု မီးသတ်ကား(၁၃)စီးဖြင့်ငြိှမ်းသတ်နေသော်လည်း မငြိမ်းသေး

မကွေး၊ မတ် ၉ ။      ။   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ထန်းကိုင်း ကျေးရွာအနီးရှိ ထန်းကိုင်းရေနံမှော်တွင် မတ်လ ၈ရက်နေ့ ညနေပိုင်း(၆)နာရီအချိန်ခန့်ကတည်းက ရေနံလက်ယက်တွင်းကတစ်ဆင့်မီးလောင်ကျွမ်းမှုဖြစ်ပွားရာ မတ်လ ၉ ရက်မနက်ပိုင်းအထိ မီးမငြိမ်းနိုင်သေးကြောင်း မင်းလှမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

"ထန်းကိုင်းကျေးရွာရဲ့မြောက်ဘက် ကျော်သူ(ခ)ကျော်သူရဝင်းရဲ့ယာခင်းထဲကသူ့ရဲ့ရေနံလက်ယက်တွင်း လျှံကျင်း ကနေတစ်ဆင့်မီးလောင်ကျွမ်းနေခဲ့တာလို့ စစ်ဆေးသိရှိရတယ်၊ရေနံစိမ်းနဲ့အတူ ဂက်စ် များလျှံထွက်လာရာကနေ စတင်လောင်ကျွမ်းနေခဲ့တာလို့သိရတယ်"ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးထင်အောင်လင်းကပြောသည်။

မီးလောင်ကျွမ်းမှုကြောင့်ရေနံတွင်းအနီးမှ မြေကြီးအတွင်း အစိမ်းရောင်မိုးကာကန်ဖြင့်သိုလှောင်ထားသည့်ရေနံစိမ်း (၂၅၀)ခန့်ကူးစက်လောင်ကျွမ်းခဲ့ပြီးဆုံးရှုံးမှူတန်ဖိုး အနေဖြင့် (၅)သိန်း(၁)သောင်းတန်ကြေးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို တပ်မတော်သား(၂၂)ဦး၊ရဲတပ်ဖွဲ့ဝင်(၂၉)ဦး၊မီးသတ်တပ်ဖွဲ့ဝင်(၄၆)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ ပြည်သူဦးရေ(၅၀)ဝန်းကျင်ဖြင့် ဝိုင်းဝန်းငြိှမ်းသတ်နေကြဆဲ ဖြစ်ကြောင်း မင်းလှမြို့မှ မီးသတ်ကား၄စီး၊မင်းဘူးမြို့မှ မီးသတ်ကား ၃စီး၊မကွေးတိုင်းဒေသကြီးက မီးသတ်ကား ၄စီး၊မန်းသံပုရာကန်(PIC)ကမီးသတ်ကားတစ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်လျက်ရှိကြောင်း မတ်လ ၉ရက် နံနက်ပိုင်းအထိ မီးသတ်ကား(၁၃)စီးဖြင့် ဆက်လက်ငြှိမ်းသတ်နေကြောင်း မင်းလှမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

"အောက်ကဂတ်အများထွက်နေတာကြောင့် ငြိမ်းမရနိုင်သေးတာဖြစ်တယ်။ ဒါ့အပြင်ကားလမ်းကြပ်နေတယ်။ မီးသတ်ကား အသေးလေးတွေပဲ ဝင်ရတယ်။ ဒါတောင် တစ်စီးချင်းဝင်နေရတာပါ။ မီးကတော့ဆက်လက်လောင်ကျွမ်းနေဆဲပါ"ဟု မင်းလှမြို့နယ်မှ လက်ထောက်မီးသတ်ဦးစီးမှူး နှင်းစံပယ်ထွန်းက ပြောသည်။

ထန်းကိုင်းရေနံမှော်မီးလောင်ကျွမ်းနေမှုနှင့်ပတ်သက်၍ မကွေးမြို့၊အောင်မေတ္တာ၊သစ်တောလမ်းနေ ကျော်သူ (ခ) ကျော်သူရဝင်း(၄၁)နှစ်အား (ပ)၁၁၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly