မတရားအသင်းဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် မြောက်ဦးမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး လေးဦး ပြန်လွတ်လာ

မတရားအသင်းဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် မြောက်ဦးမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး လေးဦး ပြန်လွတ်လာ

ရန်ကုန် ၊ မတ် ၉ ။     ။   မတရားအသင်းနှင့် ဆက်သွယ်သည့် ဥပဒေပုဒ်မ ၁၇(၁) ၊ ၁၇(၂)  ဖြင့် အမှုဖွင့် ဖမ်းဆီးထားခြင်းခံရသော ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၄ ဦး နှင့် ဒေသခံ ကုန်သည် ၁ ဦးတို့ကို မြောက်ဦးမြို့မ ရဲစခန်းမှ မတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

“ဟုတ်ပါတယ်။ သူတို့ လေးဦးအပါအဝင် ကုန်သည်တစ်ဦးကို မနေ့က (မတ်လ ၈ ရက်နေ့ကို ဆိုလိုသည်) ညနေ ၅ နာရီလောက်မှ ရဲစခန်းက ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ရွာကို ပြန်သွားကြပါပြီ ” ဟု မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သော ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၏ လစဉ် အစည်းဝေးတွင် ရန်အောင်ပြင်ကျေးရွာမှ ဦးစိန်လှမောင်၊ ပြိုင်းချကျေးရွာက ဦးမောင်ဦးစိန်၊ ပေါက်ပင်ကွင်းကျေးရွာက ဦးမောင်တင်ချေ နှင့် ကျောက်ဆည်ပြင်ကျေးရွာက ဦးအောင်နိုင်ထွန်း တို့အား စစ်ဆေးမေးမြန်းရန်ဟု ဆိုကာ မြို့နယ်ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုအား တပ်မတော် အရာရှိတစ်ဦးမှ တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းလည်းဖြစ်သည်။ ယင်းအတွက်ကြောင့် မြောက်ဦးမြို့မ ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

သို့သော် တရားစွဲဆိုသည့် တရားလိုဘက်မှ လုံလောက်သည့် သက်သေခံအထောက်အထား တင်ပြနိုင်ခြင်း မရှိသောကြောင့် မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မဖြင့် တရားစွဲဆိုရန် မသင့်ဟုဆိုကာ ဥပဒေအကြံပြုချက်အရ ၎င်းတို့ကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း၌  ရက္ခိုင့်တပ် AA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများသည် အစိုးရဘက်မှ စစ်ဆေးခြင်းကို ခံရသလို AA ဘက်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုလည်း ခံနေရသည်။

ပဋိပက္ခတိုက်ပွဲများဖြစ်ပွားရာ ဒေသများရှိ ဒေသခံပြည်သူများသည် မတရားအသင်း နှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁) ဖြင့် မကြာခဏဆိုသလို တရားစွဲခံနေရခြင်းများ ရှိနေသည်။

ရှမ်းပြည်နယ် မုံကိုးမြို့မှ ကချင်သင်းထောက် ဆရာနှစ်ဦးသည် KIA နှင့် ဆက်သွယ်မှုကြောင့်ဟု ဆိုပြီး တရားစွဲခံရသလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင် ရဲဘော် မင်းဌေး လည်း မတရားအသင်းနှင့် ဆက်သွယ်သည့် ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required